အပိုင်း(၃၃)
4.8K 477 24
အတန်းထဲမှာ သော်သော်နဲ့အတူ CLE က ဉာဏ်စမ်းမေးခွန်းတွေ အိမ်စာပေးလိုက်တာ ဖြေနေတုန်း EC ကဘေးနားလာရပ်တာနဲ့ သူကြည့်လိုက်တော့
"ညဦးယံ မင်းကို ဌာနမှူးခေါ်နေတယ် အခုချက်ချင်းလာတွေ့ပါတဲ့"
ဌာနမှူးခေါ်တယ်ဆိုလို့ လန့်သွားတာ သူတင်မဟုတ်ပဲ ဘုန်းပြည့်ရော သော်သော်ရောဖြစ်သည်။EC ကတော့ ပြောပြီးတာနဲ့ သူ့နေရာသူပြန်သွားပြီ။
"ယံယံ...ဘာအပြစ်တွေလုပ်ထားလဲ"
"မလုပ်ထားပါဘူး"
ဘုန်းပြည့်ကတော့ လက်သီးဆုပ်ပြကာ fighting ဆိုတဲ့သဘောနဲ့ အားပေးရှာသည်။
သူတို့ တီချယ်ကြီးလို့ခေါ်တဲ့ ဌာနမှူးက စိတ်မြန်လက်မြန်နဲ့ တည်တည်ကြီးနေတတ်တာကြောင့် ကျောင်းသားတွေအကုန် ကြောက်ရသည်။သူကိုယ်တိုင်လည်း ဌာနမှူးခေါ်တွေ့ရလောက်အောင် ဘာတွေများလုပ်ထားလဲ မစဉ်းစားတတ်။ဌာနမှူး ရုံးခန်းရှေ့ရောက်တော့ နည်းပြဆရာမက သူ့ကိုမြင်တာနဲ့
"ညဦးယံ ဟုတ်တယ်မလား"
"ဟုတ်"
"အေးအေး ဝင်သွား တီချယ်ကြီး အထဲမှာစောင့်နေတယ်"
ဖိနပ်ချွတ်ပြီး ရုံးခန်းထဲဝင်သွားကာ တီချယ်ကြီး စားပွဲရှေ့ရောက်တော့ ဘယ်ကစကားစလို့စရမှန်းမသိ။သူရပ်နေတာမြင်တော့ တီချယ်ကြီးကပဲ အရင်ဆုံး
"ညဦးယံလား"
"ဟုတ်ကဲ့"
"ထိုင်ပါဦး"
ထိုင်ဆိုတော့ မျက်နှာချင်းဆိုင်က ခုံအလွတ်မှာ ဝင်ထိုင်လိုက်ပြီး ဘာများပြောမလဲလို့ ကြည့်နေလိုက်တော့ သူ့ရှေ့ကို တီချယ်ကြီးက စာရွက်တစ်ရွက်ထိုးပေးကာ
"ပညာသင်မလျှောက်ချင်ဘူးလား"
"ဗျာ"
"ပထမနှစ်က အမှတ်တွေလည်းကောင်းတယ် CLE မှာ အင်္ဂလိပ်စကားပြောလည်း ကောင်းတယ်ကြားတယ် လာသင်တဲ့ဒေါက်တာကတောင် သဘောကျနေတာ"
"ဟုတ် ကျွန်တော် ခုထိလျှောက်ဖို့တော့ မစဉ်းစားမိပါဘူး"
"အခုစဉ်းစားကြည့်ပေါ့ အခွင့်အရေးရနေတာ တီချယ်တို့ဌာနက တစ်ယောက်လျှောက်ဖို့လာပြောထားတယ် ကျန်တဲ့နေရာအတွက် သူတို့က သားကိုလျှောက်စေချင်ကြတယ် ဟိုမှာကျောင်းပြီးရင် အလုပ်အကိုင်အခွင့်အလမ်းတွေများတယ် ဒီပြန်လာရင်လည်း သားအတွက်နေရာကောင်းတွေအများကြီးပါ"