အခန်း ၆၄ - ဒေါသအိုးလေး ၀မ်ရိလန်

2K 219 6
                                    

"ပြန်စဉ်းစားပါဦး အားလန်... မသွားတာပိုကောင်းလိမ့်မယ်နော်"

လွန်ခဲ့သောညက လုပ်ကြံခံရသည့်ကိစ္စကြောင့် သည်မနက်ထိတိုင် ကြိတ်မနိုင်ခဲမရဖြစ်နေသော မင်းသား၀မ်ရိလန်ဟာ အရှေ့နန်းဆောင်သို့ သွားမည်တကဲကဲ။

လျိုရှင်းမှာတော့ ငြင်းခုံစရာတွေ မဖြစ်စေချင်တာကြောင့် တားနေရသည်။ သို့သော်လည်း သည်မင်းသားလေးကို တားလို့မရနိုင်သည်မို့ ရွှေစိတ်တော်အလိုကျ နောက်တော်ပါးက အမြန်လိုက်ခဲ့ရတော့သည်။

ငယ်စဉ်ကတည်းက တည့်ကြသူတွေမဟုတ်တာကြောင့် ခြေလွန်လက်လွန်ဖြစ်မှာလည်း စိုးရိမ်နေရပါသည်။ တစ်စုံတစ်ရာအမှားဖြစ်သွားပါက တစ်ဖက်လူက ထီးနန်းလောင်းလျာမို့ အပြစ်ကလွန်စွာကြီးမားနိုင်သည်လေ။

"အိမ်ရှေ့စံအထဲမှာရှိတယ်မဟုတ်လား ဒီမင်းသားသူနဲ့တွေ့ချင်တယ်"

"၀င်လာခဲ့"

အိမ်ရှေ့စံနန်းဆောင်သို့ရောက်တော့ လျိုရှင်းက အပြင်မှာသာစောင့်ရသည်။ နန်းဆောင်အတွင်း အိမ်ရှေ့စံ၏ကိုယ်ရံတော်မှလွဲ၍ အခြားသူများဟာ လက်နက်ပါလာပါက ၀င်ခွင့်မရှိပါချေ။

သို့မဟုတ်လျှင် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားမည်သာ။ သည်တော့ နန်းဆောင်အပြင်မှာစောင့်နေရင်း စကားပြောအဆင်ပြေကြစေဖို့သာ ဆုတောင်းနေရတော့သည်။

"အို့အို... ထူးထူးဆန်းဆန်း ညီတော်လေးက လာလည်လို့ပါလား"

"အပိုလုပ်မနေနဲ့ ညကကိစ္စက မင်းလက်ချက်မလား"

နန်းဆောင်ထဲဒေါသတကြီး၀င်လာသော ၀မ်ရိလန်ကိုလှမ်းကြည့်ရင်း ရိပေါ်ကခပ်ပြုံးပြုံး။ ရိလန်ကတော့ ဂါရ၀ပြုတာတွေ ဘာတွေလုပ်မနေဘဲ ရှေ့တည့်တည့်ကထိုင်ဖုံမှာ ၀င်ထိုင်လိုက်သည်။ ရိပေါ်ကလည်း စိတ်ထဲထားမနေ။

"ဆိုတော့ကာ ညကမင်းကိုလုပ်ကြံတဲ့သူကို ငါလွှတ်လိုက်တယ်လို့ ယူဆလိုက်တယ်ပေါ့"

ရိပေါ်က လက်ထဲမှဖတ်လက်စစာလိပ်ကို စာရေးစားပွဲပေါ်အသာပြန်ချပြီးနောက် ရိလန်ကိုမျက်လုံးလှန်ကြည့်သည်။ ရှောင်းကျန့်မှာတော့ ဘယ်အချိန် သည်ညီအစ်ကိုနှစ်ယောက် ရန်ထဖြစ်မလဲတွေးကာ ရင်တမမ။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now