29
1K 153 6
Zawgyi #
တစ်ချိန်ကငေးကြည့်ခဲ့ရဖူးသော မိမိအားကျလွန်းခဲ့သည် ဘုန်းရှိန်ဝါနှင့် အလုပ်အတူလုပ်ရသည့် ၃လအတွင်းတွင် ဘုန်းရှိန်ဝါဆီမှ ဂရုစိုက်ခံရမှုများရခဲ့သလို မနေ့ညကပင် လိုလိုလားလားနှင့် မိမိ (ရှေးဝသုန် ) ဖုန်းနံပါတ်တောင်းယူခဲ့သည်။ ဆက်မည်ဟု မျှော်လင့်ထားခြင်း မရှိသော်လည်း ဖုန်းကိုသာ စိတ်ကရောက်နေပြီး ဖုန်းလိုင်းမမိမှာ ၊ ဖုန်းအားကုန်ပြီး ပိတ်နေမည်ကို စိုးရိမ်စိတ်ဖြင့် ရှေးဝသုန် ဖုန်းကို ဖွင့်လိုက်ပိတ်လိုက်လုပ်ကာ ကြည့်နေမိသည်။
မိမိနှစ်သက်သော စာအုပ်ဖတ်ပြီး စိတ်ကိုလွှဲလည်းမရ ၊ ရုပ်ရှင်ကြည့်တော့လည်း စိတ်ဝင်စားခြင်းမရှိသည့်အဖြစ်က ဝေလသီချင်းထဲကလို ၁၅ မိနစ်ကျော်လျှင် အလိုလိုလွမ်းလာတယ် ဆိုသလို ဖြစ်နေသည်။ ရှေးဝသုန်မှာ ဖုန်းကိုကိုင်လိုက် ချလိုက်ဖြင့် တစ်ညလုံးကောင်းကောင်း အိပ်မပျော်သဖြင့် မနက်နိုးသည့်အချိန်တွင် ခေါင်းအုံကာ စိတ်လက်မအီမသာဖြစ်နေသည်။
နေ့လည်ရောက်သည့်တိုင် စိတ်ဖြေဖျောက်မရသည့်အဆုံး ခြံထဲဆင်းကာ စိုက်ထားသည့် ပန်းပင်များကို အိုးပြောင်းသည့်ပြောင်း ၊ ရေလောင်းပေါင်းသင်အလုပ်ကိုလုပ်ရင်း ရှေးဝသုန် အာရုံလွှဲထားလိုက်မိ၏။
" ၀သုန်လေး ..... "
" ဗျာ "
တပြိုက်ပြိုက်ကျနေသော နားထင်ရှိချွေးများကို လက်ဖျံဖြင့် ပင့်သုတ်လိုက်သည့်အခါ မြေမှုန်များ မျက်နှာတွင် ပေပွကာ ကြောင်ချီးရုပ်လေးပေါက်နေသည့် ကောင်လေးကို ကြည့်ပြီး လင်းခက်သွင် သဘောတကျရယ်မိသည်။
" ကိုလေး ဘာရယ်တာလဲဗျ "
ခပ်ဆူဆူလေးပြောပုံအရ ရှေးဝသုန်တစ်ခုခုကို စိတ်တိုနေမှန်း လင်းခက်သွင်ရိပ်မိလိုက်သည်။ ထိုကိစ္စသည် တစ်နေ့ညက လိုက်ပို့သောကားပိုင်ရှင်နှင့်များ သက်ဆိုင်နေမလား ၊ ထိုညကတည်းက အပြုံးဖြင့်ပြည့်နေသော မျက်နှာကလေးသည် တစ်ညနှင့် တစ်ရက် တိတိဖုန်းကို ကြည့်လိုက်ချလိုက်နှင့် ဂဏာမငြိမ်သည်မို့ ရှေးဝသုန် တစ်ခုခုဖြစ်နေကြောင်း လင်းခက်သွင် ခံစားနေမိသည်။