47
945 128 4
Zawgyi #
နေ့လည်စာ စားပြီးချင်း ဘုန်းရှိန်ဝါ ၊ ရှေးဝသုန် နှင့် မြသက်ခြယ်တို့လူစုမှာ ဟိုတယ်နှင့် မျက်နှာချင်းဆိုင် ကားလမ်းတစ်ဖက်ရှိ ဈေးဆိုင်တန်းများဆီသို့ ထွက်လာလေသည်။ ခရုံများဖြင့် အလှဆင်ထားသော ပုတီး ၊ လက်ကောက် ၊ ဆွဲကြိုး ၊ အမှတ်တရပစ္စည်းမျိုးစုံ နှင့် ဒေသထွက် ငါးပိ ၊ ငါးခြောက် ရောင်းသည့်ဆိုင်များ ၊ စားသောက်ဆိုင်တန်းရှည်ကြီးများမှာ မျက်စိတစ်ဆုံး တစ်မျှော်တစ်ခေါ်အပြည့်ဖြစ်သလို တန်ဆောင်တိုင် ပိတ်ရက်ဖြစ်သောကြောင့် လာရောက်လည်ပတ်သူ ဧည့်သည်များဖြင့် ပြည့်နေလေသည်။
မြသက်ခြယ်တို့မှာ မိန်းကလေးများ သဘာဝအလျောက် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ပစ္စည်းများကို လိုက်ကြည့်နေကာ ဘုန်းရှိန်ဝါ နှင့် ရှေးဝသုန်မှာ ဗိုက်တင်းနေသဖြင့် လမ်းလျှောက်လိုက်လာခြင်းဖြစ်လေသည်။ နာရီဝက်ကျော်ကြာသည့်တိုင် မပြီးနိုင်သေးသော မြသက်ခြယ်တို့အုပ်စုကို ထားကာ ဘုန်းရှိန်ဝါသည် ရှေးဝသုန်ကို အသာလက်တို့ကာ ဟိုတယ်ဘက်သို့ ပြန်လျှောက်လာခဲ့ကြသည်။ နေ့လည်ခင်း ၂နာရီထိုးခါနီးပြီမို့ နေကြဲကြဲပူနေသဖြင့် ဘုန်းရှိန်ဝါသည် ကောက်ရိုးဦးထုပ်ဆိုင်တွေ့သည်နှင့် ဆိုင်ထဲဝင်ကာ ကောင်းဘွိုင်ပုံစံယက်လုပ်ထားသော ဦးထုပ်နှစ်လုံးကို ၀ယ်လိုက်ပြီး တစ်လုံးကို ရှေးဝသုန်အားဆောင်းပေးလိုက်လေသည်။
" လာဝသုန်လေး ကမ်းခြေဘက် လမ်းခဏလျှောက်ရအောင် "
" ဟုတ်ဗျ "
စူးရှသောနေရောင်အောက်ရှိ ဖြူလွလွသဲသောင်ပြင် ရှိရာ ကမ်းစပ်သို့ လှိုင်းဖြူဖြူများမှာ ဖြည်းဖြည်းချင်း ရိုက်ခတ်နေလေသည်။ နေ့လည် မွန်းတည့်ချိန်ကျော်ပြီဖြစ်သောကြောင့် လေအနည်းငယ်ငြိမ်ကာ အိုက်စပ်စပ်ရှိလှသည်။ အဆုံးမရှိ ပင်လယ်ပြင်ကျယ်မှာ မိုးကုတ်စက်ဝိုင်းအဆုံးတွင် ကောင်းကင်ပြာနှင့် ထိစပ်နေသယောင် တွေ့ရလေသည်။ ကမ်းခြေတွင် ရေဆော့ကစားသူမရှိသော်လည်း ဟိုတယ် sea view အခန်းနှင့် ဆက်နေသော နေရာတွင် နေစာလှုံရန် လုပ်ထားပေးသော ထန်းလက်မိုးတဲများအောက် နေရောင် လှုံ့နေသူအချို့ ရှိနေသည်။ တီရှပ်ဖြူကို ဂျင်းဘောင်းဘီဒူးတိဖြင့် ၀တ်ထားသော ရှေးဝသုန်သည် ကောက်ရိုး ဦးထုပ်ဆောင်းလိုက်သောအခါ ချစ်စရာကောင်း လူငယ်အသွင့်ပုံထွက်နေသကဲ့သို့ ၊ ဟာဝေယံရှပ် နှင့် ဘောင်းဘီတိုဝတ်ထားသော ဘုန်းရှိန်ဝါသည်လည်း ယောကျာ်းဆန်ဆန် တစ်မျိုးကြည့်ကောင်းနေလေသည်။