42
968 134 4
Zawgyi #
သီတင်းကျွတ် ရုံးပိတ်ရက် ၅ရက်တာမှာ ဖင်လှည့်ခေါင်းလှည့်ဖြင့်ပင်ပြီးသွားလေပြီ။ တစ်နှစ်တာကုန်ဆုံးရန်အတွက် နှစ်လမျှပင်မကျန်တော့ချေ။ နောက်နှစ် နှစ်ဆန်းပိုင်းတွင် သင်တန်းသားများမှာ စာတွေ့တစ်ခေါက်ဖြေရန် ကျန်နေသေးသဖြင့် ရှေးဝသုန်တို့ Hope ကုမ္ပဏီ အခွဲမှ ၀န်ထမ်းအားလုံး အလုပ်ရှုပ်နေကြသည်။ ဘာသာစကားအရည်အချင်းစစ် စာမေးပွဲသာမက ၊ ခေါ်ယူမည့် နိုင်ငံခြားကုမ္ပဏီများမှစစ်သော နည်းပညာပိုင်းဆိုင်ရာ စာမေးပွဲများကို သင်တန်းသားအားလုံးဖြေဆိုရမည်ဖြစ်လေသည်။
ဘုန်းရှိန်ဝါမှာလည်း Shine Group၏ အစည်းအဝေးသာမက ၊ ကုမ္ပဏီခွဲဖြစ်သော Hope ၏ သင်တန်းသားများအတွက်ပါ နိုင်ငံခြားဖက်စပ် ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံအစည်းအဝေးမှာ ပြတ်သည်ဟူ၍ မရှိပေ။ ရှေးဝသုန်သည်လည်း သင်တန်းသားတစ်ယောက်ချင်းနှင့် စာတွေ့လူတွေ့ဖြေရန် လုံးပမ်းကာ လေ့ကျင့်ပေးနေရသည်။
ရုံးချိန်အတွင်းတစ်ယောက်နှင့် တစ်ယောက် မျက်နှာမြင်သည်ဆိုရုံတွေ့ကာ အိပ်ခါနီးဖုန်းဆက် စကားပြောရုံမှလွဲ၍ ချစ်သူဖြစ်ပြီးနောက်ပိုင်းတွင် သီးသန့်အချိန်ဆိုပြီး သတ်သတ်မှတ်မှတ် မရှိသေးပေ။ နှစ်ယောက်စလုံးမှာ ယောကျာ်းလေးများဖြစ်ပြီး အလုပ်ကိုယ်စီဖြစ်နေသောကြောင့် သာမန် ယောကျာ်းလေး ၊ မိန်းကလေး စုံတွဲများထက် စိတ်ဆိုးစိတ်ကောက်ချိန်ပင် မရှိ ၊ ရသည့်အချိန်တွင် အလုပ်အကြောင်းတိုင်ပင်ဆွေးနွေးကာ မျက်နှာငေးကြည့်ရုံဖြင့် ကျေနပ်ပြီး ၊ လူလစ်လျှင် ဘုန်းရှိန်ဝါသည် ရှေးဝသုန်၏ ပါးပြည့်ပြည့်ကို ချစ်သူဖြစ်ကြောင်း မမေ့လျော့စေရန် တံဆိပ်ခိုးနှိပ်တတ်၏။
ဘုန်းရှိန်ဝါသည် သင်တန်းသားများ၏ နောက်နှစ်သစ်တွင် သင်တန်းသားများ နိုင်ငံခြားသို့ သွားရောက်မှုနှင့် ပတ်သက်ပြီး ရှေးဝသုန်နှင့်တိုင်ပင်ဆွေးနွေးရန် နှစ်ယောက်တည်း ရုံးခန်းထဲတွင် စကားပြောနေခြင်းဖြစ်လေသည်။
" ၀သုန်လေး ..... "
" ဗျာ....... "
အရည်အချင်းအလိုက် သွားရောက်ရမည့် နိုင်ငံများကွဲပြားသဖြင့် ရုံးတွင် အစမ်းစစ်ထားသော စာမေးပွဲမှ အဖြေလွှာများကို ကြည့်ရှုရင်း ရှေးဝသုန်သည် ဘုန်းရှိန်ဝါ၏ အခေါ်ကိုထူးလိုက်သည်။