44
986 127 2
Zawgyi #
လင်းခက်သွင်မှာ မိမိရှေ့မှ မိန်းမပျိုကို အလိုမကျစွာ ကြည့်နေလေသည်။ ယဉ်စစနှင့် မြန်မာဆန်ဆန်လှသော ထိပ်ထားဝတီသည် လင်းခက်သွင်၏ အဖွားဒေါ်မိမိကြီး စီစဉ်ပေးသော အိမ်ထောင်ဖက်တစ်ဦး ဖြစ်လေသည်။ အနွယ်တော်မျိုးရိုးထဲမှ ဆင်းသက်လာသူ တစ်ဦးဖြစ်ကာ နိုင်ငံခြားတွင် တက္ကသိုလ်တက်ကာ ဘွဲ့ရလာသူ ခေတ်ပညာတတ် တစ်ဦးဖြစ်သော်လည်း မြန်မာဆန်ကာ ကျက်သရေရှိရှိ တင့်တယ်သော မိန်းကလေးတစ်ဦးလည်းဖြစ်လေ၏။ သို့သော်လည်း လင်းခက်သွင်အတွက်တော့ သူမမှာ သူလိုငါလို မိန်းကလေးနှင့်ပင် မခြားချေ။ ယခင်တုန်းက အလုပ်ထဲသို့လာရောက်လေ့လာစဉ် လုပ်ငန်းခွင်ထဲမှ ၀န်ထမ်းမိန်းကလေးများနှင့် လွှဲကာ ရှောင်လို့ရသမျှ ၊ ယနေ့ အဖွားဖြစ်သူ၏ အတင်းအကြပ်စီစဉ်မှုကြောင့် နှစ်ဦးတည်း မျက်နှာစုံညီတွေ့နေရခြင်းဖြစ်လေသည်။ ၀တ်ဆင်လာသော လည်ကတုံးအင်္ကျီကို စိတ်ကြဉ်းကြပ်လာသောကြောင့် လည်စိအထိတပ်ထားသော ကြယ်သီးများကို ဖြုတ်လိုက်လေသည်။ ကော်ဖီဆိုင်ရှိ သီးသန့်နေရာတွင် ဖြစ်ပြီး ရောက်ကတည်းက မိနစ် ၂၀ ကြာသည့်တိုင် ကော်ဖီတစ်ယောက်တစ်ခွက်မှာပြီးသည်မှ လွဲ၍ အပိုအလိုစကားမပြောဖြစ်သေး ။ လင်းခက်သွင်မှာ စိတ်အိုက်နေသလောက် ထိပ်ထားဝတီမှာ သက်တောင့်သက်သာရှိနေကာ ကော်ဖီသောက်မပျက်ရှိလေသည်။ လင်းခက်သွင်မှာ စိတ်မရှည်တော့သည့် ဟန်ဖြင့်
" ဒီက မထိပ်ထားဝတီ ခင်ဗျ "
" ဟုတ်ကဲ့ရှင့် "
" မထိပ်ထားဝတီ အခု ကျွန်တော်တို့ နှစ်ယောက်ရဲ့ "
" ခဏလေး ကိုလင်းခက်သွင် "
ထိပ်ထားဝတီမှာ ကော်ဖီခွက်ကို ပြန်ချကာ လင်းခက်သွင်ကို ပြုံးပြုံးကလေးကြည့်ပြီး ဆိုလာသည်။
" ရှင်ရော ကျွန်မရော လူကြီးတွေစီစဉ်မှုအရ ဒီလိုဆုံတွေ့မှုကို လက်ခံခဲ့ကြတာပါ ကျွန်မအနေနဲ့ အခုလို ကိုလင်းခက်သွင်ကို လာတွေ့ရတဲ့ အကြောင်းကိုပြောပါ့မယ် ဒါကို အရင်နားထောင်ပေးလို့ရမလားရှင့် "
ထိပ်ထားဝတီ၏ တောင်းဆိုမှုကြောင့် လင်းခက်သွင်မှာ အနည်းငယ်စဉ်းစားဟန် ပြုပြီး ခေါင်းငြိမ့်လိုက်သည်။