" ရိတ်သိမ်းရေ... ကိုကိုကြီး ရောက်နေတယ် ''
အသံတို့အဆုံး အခန်းတံခါး ဖွင့်ပြီး ဘရဏီဝင်လာသည် ။ ထို့နောက် အခန်းထဲက အခြေအနေ အရပ်ရပ်ကို မြင်ပြီး လန့်ဖြန့်သွားကာ
" ဟင်.. ဘာတွေ ဖြစ်နေတာလဲ ။ ပန်းကန်တွေလည်း ကွဲလို့ ။ အန်တီမိ ... နေမကောင်းဘူးလား ''
" ဟို... လာ ဘရဏီ ။ အခန်းထဲမှာ သားလေးနဲ့ ခဏနေလိုက်အုန်း ။ အန်တီမိက စာအုပ်စင် ဝင်တိုက်မိလိုက်လို့ ။ လာ..လာ အခန်းထဲ သွားရ အောင် ''
ရဲရင့်က မိန်းမဖြစ်သူ ဘရဏီ့ကို ဆွဲခေါ်သွားသည် ။
" အန်တီမိ ''
" ဟေ ''
" အန်တီမိ မြင်နေရတာ ဘယ်လိုပုံစံမျိုးလဲ ''
" ဆံပင်က မရှည် မတိုလေးကိုမှ မျက်မှန်ဝိုင်းလေးနဲ့ ။ နံသာရောင် ရှပ်လက်ရှည်နဲ့ ပိုးပုဆိုး အစိမ်းကွက်လေး ဝတ်ထားတယ် ''
" ဟာ.. ''
ခုံပေါ်ကို ရိတ်သိမ်း အရုပ်ကြိုးပြတ် ထိုင်ချမိလိုက်သည် ။
" အရိတ်.. အရိတ် လို့ ခေါ်ပြီး ဟိုး..နားလေးမှာ ထိုင်ငိုနေတယ် ''
အန်တီမိ အခန်းထဲက ခုံအလွတ်တစ်ခုက်ို လက်ညှိုးထိုးပြီး ပြောလေသည် ။
ရိတ်သိမ်း စိတ်ထဲတွင် ကြောက်လန့်မိပေမယ့် ရင်ထဲ ငိုချင်သလို ဆို့နင့်သလို ဖြစ်နေရသည် ။
" သူ့ကို ဘာလို့ ဆုံးသွားတာလဲ မေးပေးပါလား ''
ရိတ်သိမ်း ပြောတော့ အန်တီမိက ကုလားထိုင် အစွန်ဘက်ကို စိုက်ကြည့်နေရင်း ရိတ်သိမ်းဘက်ကို မေးငေါ့ပြသည် ။ ရိတ်သိမ်းမေးနေတယ် ဆိုသော သဘောမျိုးနှင့် ။
ခေါင်းနှစ်ချက် ငြိမ့်ပြပြီး အန်တီမိက ကုလားထိုင်အလွတ်ကိုကြည့်ကာ စကားကို ပြတ်တောင်းပြတ်တောင်းနှင့် ပြောလာသည် ။
" ကြွက်သတ်ဆေး သောက်လိုက်တယ် ။ မနက်တုန်းက အပြန် ။ လွတ်မြောက်မယ့် လမ်းကို ရှာသွားတယ် ။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့ တဲ့ ''
ရိတ်သိမ်းလည်း ခုံအလွတ်ကို ကြည့်ပြီး မချိတင်ကဲ ရေရွတ်မိလိုက်သည် ။
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
RomanceRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤