တေဇ မနက် အိပ်ရာနိုးချိန်တွင် သူရိန် အခန်းထဲ မရှိတော့ ။ တေဇလည်း ရေချိုးရန် ပြင်ဆင်ကာ အောက်ထပ်သို့ ဆင်းအလာ ထမင်းစားခန်းထဲမှ သူရိန့် အသံစာစာကို ကြားလိုက်ရသည် ။
" ဘွားဘွားကြီး စားလို့ကောင်းလားဗျ ။ ကျွန်တော် အမေနဲ့ ဘွားဘွားကြီးကို စားစေချင်လို့ စောစောထပြီး သွားဝယ်ခဲ့တာ ''
" အကောင်းကြီးရယ်တော့လည်း မဟုတ်ပါဘူး ၊ စားလို့ ရရုံလောက်ပါပဲ ''
သူများ ဝယ်လာသည်တို့ကို စားနေသော်လည်း တစ်ပြားမှ မလျှော့သည့် ဘွားဘွားကြီး ။
တေဇ မသိချင်ယောင်ဆောင်ပြီး ရေချိုးခန်း ဝင်ရန် ထမင်းစားခန်းရှေ့က အဖြတ် ဘွားဘွားကြီးက လှမ်းခေါ်သည် ။
" ဟိုကောင်... အငယ်ကောင် လာအုန်း ''
"ဗျာ ဟုတ် ''
တေဇလည်း ခေါင်းငြိမ့်ပြလိုက်ပြီး ထမင်းစားခန်းထဲသို့ ဝင်သွားလိုက်သည် ။" နင်က ဘယ်သူ့ ခွင့်ပြုချက်နဲ့ သူ့ကို အိမ်ပေါ်ခေါ်တင်ထားတာလဲ ''
" အမ် ဟို..''
တေဇ မည်သည့်စကား ပြောရမှန်း စဥ်းစားမရချိန်တွင် အနောက်မှ ကိုကိုကြီးက တေဇပုခုံးကို လာဖက်ရင်း
"ကျွန်တော် နေခိုင်းလိုက်တာပါ ဘွားဘွားကြီး ။ အိမ်မှာ တစ်ခုခုဆို အကူအညီရတာပေါ့ ၊ ဘွားဘွားကြီးတို့ကို မပြောပဲ ကျွန်တော့် ဆုံးဖြတ်ချက်နဲ့ လုပ်မိတာ တောင်းပန်ပါတယ် ''
" ထားလိုက်ပါတော့ ခေါ်ထားပြီးမှ ပြောနေလည်း အပိုပဲ ''
" ဟို.... ကျွန်တော်.. အကို့ကို သူ့အိမ် ပြန်ပို့လိုက်ရမလား ''
တေဇ ပြောလိုက်ချိန်တွင် ဘွားဘွားကြီးက
" ထားလိုက်တော့လို့ ပြောနေတယ်လေ ၊ ငါ့ကို အပိုတွေ လာပြောနေပြန်ပြီ ။ သွား ... ရေချိုး မျက်နှာသစ် ၊ ပြီးရင်... နင့်အကောင် .. မဟုတ်ပါဘူး ။ နင့်ဟိုဟာ ဝယ်လာတာ လာစား ''
တေဇ ပြုံးမိသည် ။ သူရိန့် စေတနာ မေတ္တာတို့က အရင်းခံ ဖြစ်သည်မို့ သူရိန့်အပေါ် အိမ်က လူတွေ ပြန်ပြီး မေတ္တာပြန်ပေးသည်သာ ဖြစ်ပါလိမ့်မည် ။
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
RomanceRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤