ဆောင်းဦးဟန်တစ်ယောက် မဟေသီနဲ့အတူတူဈေးဝယ်ထွက်လာပေမဲ့ ခုဏက ဟန်မင်းမြတ်နဲ့သော်ဇေတို့အရမ်ူနီးကပ်နေသည့်မြင်ကွင်းကိုမြင်ပြီးကတည်းက မျက်နှာကသုန်မှုန်ပြီး စိတ်ကမကြည်မလင်ဖြစ်နေလေသည်။ သူ့စိတ်ထဲမှာ သူ့သူငယ်ချင်းသော်ဇေက သူရွံမုန်းတဲ့ဂေးတစ်ယောက်များဖြစ်နေလားဆိုသည့်အတွေးက ဝင်နေသည်။ သူ့ရဲ့ဒီအတွေးကို ဟန်မင်းမြတ်အပေါ်မကောင်းမြင်ကာဖြေဖျောက်နေခြင်းကို သူကိုယ်တိုင်သတိမထားမိပါ။
"ကို သော်ဇေနဲ့ကိုနဲ့ကအရမ်းရင်းနှီးကြတာပဲလားဟင်"
မဟေသီ့စကားသံကြားမှ သူ့အတွေးတွေအဝေးကိုခဏလွင့်စင်ထွက်သွားလေသည်။
"အင်း အဲ့လိုပဲပြောရမှာပေါ့ ... တက္ကသိုလ်စတက်ကတည်းကဆိုတော့ လေးနှစ်လောက်တော့ရှိပြီ ... ဘာဖြစ်လို့လဲ ချစ်ဘာတွေးမိလို့လဲ"
"မဟုတ်ပါဘူး ... ချစ်သိချင်လို့မေးကြည့်တာပါ ... ခုဏက ကိုအရမ်းဒေါသထွက်သွားတော့လေ သူများတွေမြင်ရင် ကိုသဝန်တိုနေတယ်လို့ပဲမြင်ကြမှာ"
မဟေသီကလည်းစကားကိုထေ့ထေ့ငေါ့ငေါ့ပုံစံမျိုးပြောလာလေသည်။
"ချစ်တွေးထင်နေတာတွေမှားနေပြီ ... ကိုယ်ကအဲ့လိုကောင်မျိုးမဟုတ်ဘူး ... ကိုယ်ကအဲ့လိုဟာတွေအရမ်းမုန်းတာ ချစ်တဖြည်းဖြည်းနဲ့သိလာမှာပါ"
ဆောင်းဦးဟန်သည်လည်း သူ့ကိုအခုလိုထင်မှားပြောတော့ ဒေါသမထိန်းနိုင်ဘဲ လေသံကမာသွားလေသည်။
"ဟုတ်ပါပြီကိုရယ် စိတ်ကလေးလည်းလျှော့ပါဦး ... ချစ်ထပ်လည်းမပြောတော့ပါဘူး ဟုတ်ပြီလား"
"ဆောရီး ကိုယ်လည်းစိတ်မထိန်းနိုင်ဖြစ်သွားတယ် ... ချစ်ဗိုက်ဆာနေပြီလား ချစ်ဝယ်စရာရှိတာတွေဝယ်ပြီးရင်တစ်ခုခုသွားစားကြရအောင်လေ"
"အင်း ... ချစ်လည်းဗိုက်ဆာနေပြီ မြန််မြန်လေးဝယ်လိုက်မယ်"
ဆောင်းဦးဟန်စိတ်ထဲမှာတော့ သူ့သူငယ်ချင်းသော်ဇေ့ကို သူမုန်းတဲ့လူစားမျိုးဖြစ်မနေစေချင်ပါ။ သော်ဇေကသူ့အပေါ်ဆို အမြဲတမ်းဂရုတစိုက်ရှိခဲ့ပေးတာတွေကို သူပြန်သတိရလာမိသည်။ သော်ဇေ့လိုသူငယ်ချင်းကောင်းတစ်ယောက်ကိုတော့ သူလက်လွှတ်ဆုံးရှုံးမခံနိုင်ပါ။
YOU ARE READING
သူနဲ့ကျွန်တော် (Season - 3)
Romanceဤဇာတ်လမ်း ဇာတ်ကွက်ဖြစ်ရပ်များသည် စာရေးသူ၏စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လ်ုစေခြင်းမရှိပါ။