အပိုင်း ( ၁ )

31.5K 1K 3
                                    

Unicode

ပုစွန်ဆီရောင် သန်းသော နေ၀င်ချိန်သည် လှပလို့ နေသည်။ မကြာခင် နေလုံးကြီးလည်း တိမ်တိုက်ထဲ တိုး၀င်ကာ အိပ်စက်အနားယူပေတော့မည်။ထို့ အတူ ငှက်ကလေးများကလည်း အလျှိုအလျှို အိပ်တန်းတက်ရင် သူတို့၏ နားခိုရာ အိမ်သို့ ပျံသန်းလာကြလေပြီ ။ လယ်ထဲထွက်ကာ အလုပ်လုပ်နေသော အလုပ်သမားများမှာလည်း ရွာသို့ပြန်လာကြလေပြီ ။
ကလေးများက ကစားနေကြသလို လူကြီးများမှာလည်း ကျန်းမာရေး အတွက် လမ်းလျောက်နေကြသည်မှာ ရွာလမ်းတစ်လျောက်ပင် စည်ကားလျှက် ။ တစ်ချို့လည်း သူ့အုပ်စုနှင့်သူ အတင်းပြောသူကပြော ၊ သန်းရှာသူက ရှာနှင့် ပင် ။

"ရှင်ဆောင်း မင်း သားကို အိမ်ထောင်ချပေးရင် မကောင်းဘူးလား "

"အို‌တော် ကိုထွန်းခင်နှယ် ပေါက်တတ်ကရ ၊ သားက ဘာဆိုတာ ရှင်လည်း သိနေတာပဲ တော် "

ဒီ ကိုထွန်းခင်နှယ် လမ်းလျောက်ထွက်ဖို့ အတင်းခေါ်နေတာ ဒါကြောင့်ကိုး ။ ဒါပေမယ့် ကိုယ့်သားလေးကိုတော့ စိတ်ဆင်းရဲတွင်းထဲ မပို့နိုင်ပေ။

"အိုကွာ မင်း သားက အခု နှစ်ဆယ့်‌သံုး‌ေကျာ်လို့ နှစ်ဆယ့်‌ေလးနှစ်ထဲ ရောက်နေပြီ ။ အရင်လို ပုံစံကနေ တဖြည်းဖြည်းပြောင်းလဲလာတာ မင်းလည်း မြင်တာပဲ မဟုတ်လား ။ "

"ကလေးက မပြောင်းလဲဘဲ နေနိုင်ရိုးလား ။ ရှင် တစ်နေ့တစ်နေ့ ဆူပူကြိမ်းမောင်းနေတာနဲ့တင် ကလေးက မပြောင်းလဲချင်ဘဲ ပြောင်းလဲလာတာ ရှင်မသိဘူးလား ။
ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ဒီကိစ္စ သဘောမတူဘူးရှင်။ အဖေတို့ သိလည်း လွယ်မှာ မဟုတ်ဘူး ။ "

"ဟ အိမ်ထောင်ပြုရမယ့် အရွယ်ရောက်ရင် အိမ်ထောင်ပြုရမှာပေါ့ကွ။ မင်း သားကို လူတွေဝိုင်းပြီး လက်ညှိုးထိုးနေတာကိုရော မင်းကြည့်နေနိုင်သလားဟင်။ သူသာ အိမ်ထောင်ပြုလိုက်ရင် အတင်းပြောတာတွေလည်း ရပ် ငါတို့သားက ယောက်ျားစစ်ကြောင်းလဲ လူတွေသိမှာပေါ့ကွ "

ဟုတ်သည်။ သူတို့မှာ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်သာ ရှိသည်။ သမီးလေးကတော့ အိမ်ထောင်ကျကာ ပူစရာမရှိပေမယ့် သားငယ်ကတော့ ငယ်စဉ်ကတည်းက နူးနူးညံ့ညံ့ ထိရက်စရာမရှိအောင် ချောမောလှသည်။ အရွယ်ကလေးရောက်လာတော့လည်း တစ်ခြားယောက်ျားလေးတွေလို ဘောလုံးကန် ၊ ခြင်းခတ် စတဲ့ ကြမ်းကြမ်းတမ်းတမ်းတွေ မဆော့ ။ အိမ်ထဲတွင် အစ်မ ဖြစ်သူနှင့်သာ အရုပ်မလေးတွေနဲ့ ဆော့သည်။ အစ်မဖြစ်သူကလည်း မောင်လေးဆိုတာ စိတ်ထဲမှာ မရှိ ညီမလေးဟုသာ တွေးလေတော့ ပိုဆိုးလေသည်။ ထိုသို့နှင့် အရပ်ထဲလည်း မရှင်ဆောင်းသားကလေးက အခြောက်ကလေးတော့ ဆိုပြီး လူတွေ ပါးစပ်ဖျား ပြောစရာဖြစ်လာခဲ့လေသည်။ သားလေးသည်လည်း လူပျိုပေါက်ဖြစ်လာသည့် အချိန်ကစလို့ အိမ်ထဲက အိမ်ပြင် သိပ်ထွက်လေ့ မရှိ ။ အိမ်ထဲတွင်သာ တကုတ်ကုတ်နှင့် မအေဖြစ်သူနဲ့ အစ်မဖြစ်သူတို့နှင့်သာ အိမ်အလုပ်ကူလုပ်သည်။ တက္ကသိုလ် တက်ရပြန်တော့လည်း ဖအေဖြစ်သူက မြို့ပေါ်မှာ သွားထားရင် ဒီကောင့်ပုံစံနဲ့ မဖြစ်ဟုဆိုကာ အဝေးသင်သာ တက်စေသည်။ အမှတ်တွေကောင်းသားနဲ့ အဝေးသင် တက်ခိုင်းပြန်တော့လည်း ဖအေစိတ်တိုင်းကျသာ ဖြစ်စေခဲ့သည်။ တစ်ခွန်းတစ်ပါဒမျှ အထွန့် မတက်ခဲ့ချေ။
အခု ဖအေ ဖြစ်သူက အိမ်ထောင်ချပေးမည် ပြောလာပြန်ပြီ ။ သားဖြစ်သူ ဘယ်လို တုန့်ပြန်မည်ဆိုတာ သူမ မသိချေ။ ခေါင်းငြိမ့်လက်ခံမည်လား ၊ ငြင်းဆန်မည်လား ဆိုတာတော့ သားဖြစ်သူသာ သိလိမ့်မည်။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now