Unicode
"မောင် အငယ့်ကို သွားခေါ်မလို့လား "
"အင်း ဟုတ်တယ် ချစ်သည်း ဘာမှာမလို့လဲ "
"ငါးလတ်ရင် လေးဆယ်သားလောက်၀ယ်ခဲ့ပေးပါလား မောင် မနက်ကျရင် ဆေးရုံကို ငါးငပိချက်ထည့်ပေးဖို့
အခု ပြုတ်ထားချင်လို့ ""ဟုတ်ပြီ ဟုတ်ပြီ ချစ်သည်း မောင့်ကို ပိုက်ဆံပေးဦး "
လှေကားခုံကနေ ဒီဒီကို ချီရင်း မောင့်ကို ပိုက်ဆံ နှစ်ထောင်ကမ်းပေးလိုက်သည်။ ခရီးပန်းလို့ ဂျီနေသည့် ဒီဒီ့ပါးကို ဖိကပ်နမ်းလိုက်ပြီးမှ ဆိုင်ကယ်ကို မောင်းကာ ထွက်သွားလေသည်။
အငယ့်ကို နေ့လည် ပြန်ရောက်ကတည်းက မောင်တို့အိမ်ဘက်က လာခေါ်သွားတာဖြစ်သည်။ ဘယ်သူခေါ်ခေါ် လူမရွေးသည့် အငယ်ကိုတော့ တစ်ရွာလုံးက ထိန်းပေးချင်ပေမယ့် အိမ်ကပ်သည့် ဒီဒီကိုတော့ဖြင့် ထိန်းမပေးချင်ကြ။ ခေါ်သွားလို့ တစ်နာရီတောင် မပြည့်သေး ဒီဒီတို့ အိမ်ပြန်ဆိုက်လာတာပင်။ ဒါကြောင့် တစ်ရွာလုံးက ဒီဒီ့အား အိမ်ချစ်ကြီး အိမ်ချစ်ကြီးနဲ့ အမည်မှည့်လေတော့သည်။••••••••••••
"ကိုလေးရေ ဒီဒီတို့ နှစ်ယောက်ကို ညီမ ခေါ်သွားမယ်နော် "
"အော် အေးအေး မိဆွေ ကျေးဇူးပဲနော် "
ဒီနေ့မနက် ဆေးရုံသွားမည့် ယောက္ခမတွေနဲ့ မမအတွက် ထမင်းပျော့ပျော့လေးရယ် ငါးငပိချက်ရယ် ငါးရံ့ခြောက်ဖုတ်လေးရယ် ထည့်ပေးဖို့ မနက်ခင်းကတည်းက ထပြင်ဆင်ရသည်။ မောင်ကလည်း ဒီနေ့မှ လယ်ထဲက ပဲခင်းတွေ ပိုးကျနေတာကြောင့် ဆေးဖြန်းသွားရသည်။ သမီးနှစ်ယောက်ကလည်း ဆော့လိုက်တာပြောင်းဆန်လို့။ အသော့်မှာ နောက်ဖေးက ဟင်းအိုးတစ်ဖက် မီးဖိုချောင်ထဲမှာ ကစားနေသည့် ကလေးတွေကြည့်ရတာတစ်ဖက်နဲ့ အတော်လေးကို ကသီလင်တ နိုင်လှသည်။ သူတို့ စိတ်မကျေနပ်တိုင်း ခြေထောက်ကို လာတွဲခိုပြီး ငိုလိုက်ကြ ချီပြီး ဟိုဟိုဒီဒီလျှောက်ပြီး ချော့လိုက်ပြန်ရင် ကျေနပ်ပြီး ညီအစ်မ နှစ်ယောက်သား ပြန်ဆော့လိုက်နဲ့။ ကလေးတွေကြည့်လိုက် ဟင်းချက်လိုက်နဲ့ အလုပ်က မတွင်။ အခုလို မိဆွေလာခေါ်တော့မှ တော်တော့သည်။ မဟုတ်ရင် ဟင်းက မီမှာမဟုတ် ။
YOU ARE READING
ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )
Romanceမီ့ ရဲ့ ဒီကလေးလေးတွေကိုလည်း ချစ်ပေးကြပါဦးနော်။ ချစ်စရာ အသော်လေးရယ် ၊ အသော်လေးကို ချစ်တဲ့မောင်ရယ် ၊ မောင်နဲ့ အသော်ကို သဘောမတူတဲ့ အသော့်ဖေဖေရယ် ဒီသုံးယောက်က ဘယ်လိုမျိုး အမျိုးစုံကြိုးခုန်မလဲ ဆိုတာကို ဖတ်ပေးကြပါဦးနော် ။