Unicode
"အမေ ကျွန်တော် ကိုမင်းဆွေတို့ အိမ်ဘက် သွားလိုက်အုံးမယ် "
"အေးအေး မျိုးမြတ် သိပ်နောက်မကျစေနဲ့နော် "
အစ်မ ခင်မူက သူ့ကို ပြောစရာရှိသည်ဆိုသောကြောင့် သူ စားသောက်ပြီး တော့ ထွက်လာလိုက်သည်။
"အစ်မခင်မူရေ ခွေးကြည့်အုံးဗျ "
"ဝုတ် ဝုတ် ဝုတ် "
ခွေးကလည်း သူ့ဘေးနားမှာ တဝဲလည်လည်နှင့် ။ သွားကလည်း ဖြဲထားလိုက်တာ အဆွယ်တွေကလည်း ချွန်လို့ ။ အကိုက်တာ ခံလိုက်ရရင် တွေးတောင် မတွေးရဲစရာ ။
"အေး လာပြီ မျိုးမြတ်ရေ ဟဲ့ခွေး သွားစမ်း "
အစ်ခင်မူမောင်းတော့မှပဲ ခွေးက အိမ်အောက်ထဲ ၀င်သွားတော့သည်။ ဒါတောင် တဂီးဂီးနှင့် ညဉ်းနေတုန်းပင် ။ အိမ်ရှင်အတွက်တော့ မွေးကျိုးနပ်သည့် ခွေးပေမယ့် ဧည့်သည်အတွက်တော့ အမြင်ကပ်စရာ သတ္တဝါတစ်ကောင်ထက်မပို ။
"လာလာ မျိုးမြတ် ဒီမှာ ထိုင်အုံး ငါ လက်ဖက်သုပ်လိုက်အုံးမယ် "
"ဟုတ်ကဲ့ အစ်မ ကိုမင်းဆွေရော "
"ဒီမှာကွ နွားတင်းကုပ်ထဲ ခြင်ဆေးခွေ ထွန်းပေးနေလို့ လာပြီ "
ကိုမင်းဆွေက ပြောပြောဆိုဆိုနဲ့ သူ့ဘေးကို၀င်ထိုင်သည်။ အစ်မခင်မူတို့ အိမ်က သစ်သားအိမ် ခပ်သေးသေးပင် ဖြစ်သည်။ တစ်အိမ်လုံး ရေနံချေးကို ၀နေအောင်သုတ်ထားတော့ အိမ်က နက်ပြောင်နေလို့ ။ ကြမ်းခင်းကလည် လျှာထိုးကို ပြောင်လက်နေအောင် တိုက်ထားသည်။ ဘယ်နေရာကို ကြည့်ကြည့်အိမ်လေးက နေချင်စရာ ရှင်းလင်းနေတာပင် ။ အိမ်အောက်ဆင့်မှာ ရေနွေးခွက်တင်သည့် စားပွဲခုံလေးရယ် တီဗွီစင် ရယ်ကလွဲလို့ဘာမှ သိပ်မရှိ။ သူနဲ့ ကိုမင်းဆွေ စကားပြောနေတုန်း အစ်မခင်မူက လက်ဖက်သုပ်ပန်းကန်နဲ့ရောက်လာသည်။
"စားအုံး မျိုးမြတ်ရေ နင်လာမယ်ဆိုမှ ဘာမှ ကျွေးစရာမရှိ လက်ဖက်ပဲ ရှိတယ် "
"ရတယ် အစ်မရဲ့ ကျွန်တော့်ကို ခေါ်တာ ဘာပြောဖို့လဲ "
"အေး တစ်ခြားတော့ မဟုတ်ဘူးဟယ် ငါက နင့်ကို ဒီလိုခေါ်ပြောတာ တစ်မျိုးတော့ မထင်နဲ့ ကလေးလေးက ပြောမှာ မဟုတ်လို့သာ ငါက ခေါ်ပြောရတာ "
YOU ARE READING
ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )
Romanceမီ့ ရဲ့ ဒီကလေးလေးတွေကိုလည်း ချစ်ပေးကြပါဦးနော်။ ချစ်စရာ အသော်လေးရယ် ၊ အသော်လေးကို ချစ်တဲ့မောင်ရယ် ၊ မောင်နဲ့ အသော်ကို သဘောမတူတဲ့ အသော့်ဖေဖေရယ် ဒီသုံးယောက်က ဘယ်လိုမျိုး အမျိုးစုံကြိုးခုန်မလဲ ဆိုတာကို ဖတ်ပေးကြပါဦးနော် ။