Extra 1 (Uni)

7.2K 280 3
                                    

"မောင် လယ်ထဲက အခြေအနေဘယ်လိုတုန်း "

"တောင်ကွင်းကတော့ တစ်ကွင်းလုံး ပြန်ဖျက်မှ ရလိမ့်မယ် ထင်တယ် အသော် "

မောင်က အသော့်ဆီ သောက်ရေခွက်ပြန်ကမ်းရင်းကပြောသည်။

"ဟုတ်လား မောင် ပြန်ဖျက်ရင် လမ်းက ၀င်လို့ရပါ့မလား "

အိမ်ရှေ့တန်းလျားမှာ ထိုင်နေသည့် မောင့်ဘေးကပ်ကာ ထိုင်ရင်းမေးရသည်။ အဲ့ဖက်လယ်ကွင်းတွေက အကုန်လုံး အခြောက်ကြဲကြတာဆိုတော့ အခုနေဆို စပါးပင်တွေက အတော်လေးရှည်နေလောက်ပြီ။

"၀င်လို့တော့ရမှာပါ ပြန်ဖျက်ရမယ့်လူတွေလည်း များတယ် "

"ဟုတ်လား ပိုးကတော်တော်ကျသလား မောင်
မရရင်လည်း အသော်တို့ ဖာချိန်ကျမှ ပြန်ဖာလိုက်ရင်ရတာပဲ "

"ဖာရင် ပျိုးပင်တွေကို တဖက်လယ်ကွင်းကနေ တိုက်မှရမှာ အဲ့တာဆို အချိန်လည်းကုန် လူလည်း ပိုပန်းမှာ
ချစ်သည်းရ ။ မောင်တော့ ပြန်ဖျက်ပြီး ကြဲမလားလို့
အခုလည်း မိုးကရွာနေတာဆိုတော့ အဆင်ပြေပါတယ်
စာတော့ ခြောက်ရမှာပေါ့ "

"အင်း အဲ့တာဆိုလည်း မောင့်သဘော အဆင်ပြေသလိုလုပ် အခုတော့ ရေချိုးလိုက်အုံး
အသော် ထမင်းစားဖို့ ပြင်လိုက်အုံးမယ် "

လယ်တွေ တစ်ပတ်လိုက်ကြည့်ပြီး ပြန်လာသည့် မောင်က ရွှံ့တွေလည်းပေလို့ ။ အလုပ်ကိုတော့ အပြီးထွက်လိုက်ပြီး ရွာမှာပဲ အခြေချဖြစ်တော့သည်။အလုပ်ထွက်တော့လည်း နှစ်ဖက်မိဘတွေရော မမတို့ရောက ဝိုင်းပြီး အပြစ်ပြောတာခံရသေးသည်။ အသော့်ကြောင့်ဆိုပဲ ။
အသော်ကလည်း အသော် ရန်ကုန်ဆိုတာကို အလည်အပတ်လောက်သာ သဘောကျပေမယ့် တာရှည်ကျ မွန်းကြပ်လို့ မနေနိုင်။ မောင်ကလည်း ရာထူးကြီးလာလေ တာ၀န်တွေများလာလေမို့ ဒီကနေ အသွားအပြန်အထိ အချိန်ကို‌မပေးနိုင် ။ အလုပ်ဖွင့်ရက်ကို တိုက်ခန်းမှာ သွားနေပြန်ဆိုတော့လည်း မဟုတ် အသော်ပါမှ။ အသော်ကလည်း အိမ်က စီးပွားရေးကို လက်လွှတ်ပြီးမလိုက်နိုင်။ ဒီကြားထဲ ကလေးနှစ်ကောင်ကလည်း ‌
သူ့အဖေ မရှိရင်မရ ။ ဘယ်လိုမှ ညှိမရသည့်အဆုံး မောင်ဟာ တစ်လ ဆယ်နဲ့ချီရသည့် အလုပ်ကို လက်လွှတ်လိုက်ရပါတော့သည်။
အလုပ်ထွက်လိုက်တာကြောင့် ကိုကျော်ထိုက်တန်က စိတ်ဆိုးပြီး လုပ်ငန်းထဲက ရှယ်ယာတွေ အကုန်ပြန်ထုတ်ဆို‌တာကြောင့် မောင်ရော အသော်ရော အကျိုးအကြောင်းရှင်းပြ တောင်းပန်ရသည်။ ဒီရှယ်ယာတွေနဲ့ပဲ စီးပွားရေးက ဖြစ်လာတာမဟုတ်လား ။
ဒါတောင် အတင်းပြန်ကပ်ခေါ်နေသေးသည်။ ဘယ်လိုမှ အဆင်မပြေကာမှ ‌ဖိုးသားကို တက္ကသိုလ်တက်ရင်း လုပ်ငန်းအတွေ့အကြုံရအောင်ဆိုပြီး မရမကဆွဲခေါ်သွားလေရဲ့ ။
အဲ့ဒီညက အမောင်မျိုးမြတ်မဟာတို့ တရှုံ့ရှုံ့နဲ့ ငိုနေတာမို့ အသော်မှာ ချော့ရသေးသည်။ ဘယ်နှယ့် ဖိုးသားက ပြန်မလာတော့မှာကျနေတာပဲဆိုတော့ ‌ဟိုကောင် ဘာကြံနေတယ်ဆိုတာ မောင်သိတယ် ဆိုပြီး ငိုပြန်တာပဲ ။
‌ကိုကျော်ထိုက်တန်က ဖိုးသားကို ပိုးနေတယ်ဆိုတာ
အသော်သိတာဖြင့်ကြာပေါ့။ ဖိုးသားကလည်း ပါးစပ်ကသာ သားဖြင့် အဲ့လူကြီးကို ကြည့်လို့ကိုမရဘူး မျက်နှာပိုးက သေကို မသေဘူး ဘာညာနဲ့ သေနတ်ပစ်နေတာ ဟိုကခေါ်တော့ လိုက်သွားတာများ ကောက်ကောက်ကိုပါလို့ အမြှီးတောင် မမြင်လိုက်ရဘူး ။ သူကသာ ဒီမှာ သမီးမိန်းကလေး လင်နောက်လိုက်သွားသလို အပူမိပြီး တမှိုင်မှိုင်တတွေတွေနဲ့။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now