အပိုင်း - ၁၆

294 50 126
                                        

Unicode

ကျေးငှက်တို့၏ ကျီကျီကျာကျာ သံများနှင့်အတူ ကျန်းကျယ်ဟန့်၏ မနက်ခင်းလေးသည် သာယာနေခဲ့၏။
သူသည် သတိရပြီး တစ်ပတ်ခန့်ကြာသောအခါ ကောင်းမွန်စွာလှုပ်ရှားနိုင်ပြီဖြစ်ကာ အိမ်အပြင်သို့ ထွက်ချင်စိတ်များဖြစ်နေလေသည်။
ထို့ကြောင့် မနက်စာစားပြီးသည်နှင့် ရိထျန်းက သူအဖော်ရစေရန် ခေါ်ပေးထားသော ကျန်းချန်လင်ဆိုသည့် ကောင်လေးရောက်မလာခင် အပြင်ထွက်၍ ဟိုဟိုသည်သည် သွားကြည့်ရန် ပြင်လိုက်၏။

ရိထျန်းယူလာသော အဝတ်အစားများသည် အရောင်စုံတောက်ပကာ လှပလွန်းလှသည်။ သူသည် အဖြူရောင်များကိုသာ ဝတ်လေ့ရှိရာ ထိုအရောင်များနှင့် အသားမကျသေးဘဲရှိလေသည်။
သူသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်လိုက်ပြီး အိမ်အပြင်သို့ ခြေချလိုက်သည် ။
သူသည် အိမ်ကြီးထဲတွင်သာ နေရသည်ဖြစ်ရာ အလွန်ပင် ပျင်းရိနေပြီဖြစ်သည် ။

သူသည် ခြေထောက်မှဒဏ်ရာများသက်သာ၍ လမ်းလျှောက်နိုင်ပြီဖြစ်ရာ အပြင်ထွက်၍ လမ်းလျှောက်ရင်း အိမ်ပြန်လမ်းကို ရှာရမည်ဟု ကြံစည်နေ၏။
ရိထျန်းကိုမူ ပြန်မည်ဟု ထပ်မပြောရဲဘဲဖြစ်နေလေသည်။

ရိထျန်းသည် ခန့်ညားချောမောသော လူငယ်တစ်ယောက်ဖြစ်သော်လည်း တည်နေသော မျက်နှာထားကြောင့် အနည်းငယ် လန့်စရာကောင်းသည်ဟု သူထင်လေသည်။

အိမ်ကြီးသည် သစ်ပင်ကြီးများ၏ အလယ်တွင်ရှိနေလျှက် အေးစိမ့်နေသော ခံစားချက်ကိုရနေသည်။
သစ်ပင်ကြီးများတွင် လက်မောင်းလုံးခန့်ရှိသောနွယ်ပင်ကြီးများရစ်ပတ်နွယ်တက်လျှက် ရှိ၏။
မြင်ရသမျှ‌သော တောထဲရှိအပင်ကြီးများသည် အကိုင်းအခက်များတွင် နွယ်ပင်တို့ဖြင့် ရှုပ်ထွေးနေသည်။

ကျန်းကျယ်ဟန့်သည် အုပ်ဆိုင်းမှိုင်းညှို့နေသော တောနက်ကြီးကို အရပ်ရှစ်မျက်နှာသို့လှည့်ကာငေးမိ၏။ သူနားလည်သမျှ တွေးကြည့်မိလျှင် ဒီတောကြီးမှထွက်နိုင်ရန် မလွယ် ဟူ၍ပင်။

သို့သော် သူသည် ဤမျှနက်ရှိုင်းနေသော တောကြီးထဲသို့ လေ့လာကြည့်ချင်သေး၏။ သွားလာရင်း အပြန်လမ်းကို တွေ့ချင်တွေ့လာနိုင်သည် မဟုတ်ပါလား။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Where stories live. Discover now