အခန်း (၈)

136K 8.9K 1.6K
                                    

ခေါင်းရင်းပိုင်းပြတင်းပေါက်မှလှမ်းမျှော်ကြည့်လျှင် ခပ်အုံ့အုံ့ ကံ့ကော်ပင်အိုကြီးရှိလေသည်။

လေသင့်တဲ့အခါ ခပ်မွှေးမွှေးရနံ့လေးမှာ စိတ်ကြည်ဖွယ်ပျံ့လွင့်လာတက်သေး၏။

ကံ့ကော်ပန်းတွေကညှိုးနွမ်းသော်လည်း အနံ့မပြယ်လေသောပန်းမျိုးနွယ်ဖြစ်ချေသည် ။ ဝတ်ဆံလေးတွေမှာ နွမ်းလျခြောက်ကပ်သည်အထိခပ်ဖျော့ဖျော့ရနံ့လေးက စွဲမြဲထင်ကျန်ရစ်တက်စမြဲ ။

ခရီးသွားသောမယ်မယ်ကြီးပြန်လာရန်တစ်ရက်အလိုဖြစ်လေသည် ။ စောင်းတီးသင်ရန် နောက်ဆုံးတစ်ရက်ဆိုလည်းမမှားချေ ။

မယ်မယ်ကြီးပြန်ရောက်တာနှင့် အလိမ်အညာတွေပေါ်ပါက ရောက်မည့်ဒုက္ခထက် မဏိတွေးပူနေမိသည်မှာ အခြားအရာတစ်ခုသာဖြစ်သည် ။

" မနန္ဒာ ... ကိုယ့်ကို အကြောင်းလေးပြန်ပေးပါလား ၊ မြင်မြင်ချင်းအချစ်ဆိုတာ ယုံချင်စရာမကောင်းမှန်းကိုယ်သိပါတယ် ဒါပေမဲ့ မနန္ဒာရယ် ကိုယ်တကယ် မနန္ဒာကို..."

ခြေလှမ်းတွေမှားသည်အထိရင်ခုန်သံတွေမှာကျယ်လောင်ခဲ့ဖူးသည်။ ထိုလူ၏ ခပ်ရဲရဲ အပြုမူတွေက နုနယ်တဲ့နှလုံးသားလေးအတွက်ကတော့ အရိုင်းဆန်စေသော ရဲဆေး တစ်ခွက်ဖြစ်၏။

" ညက သီချင်းလာဆိုတော့ ပြတင်းပေါက်ကနေ ငေးကြည့်ခဲ့တယ်မှတ်လား "

မဏိဇဝေဇဝါဖြစ်သွားသော်လည်း ထိုအရာမှာ သေချာသလောက်ဖြစ်လေသည်။

ထိုနေ့ညနေမယ်မယ်ကြီးပြန်ရောက်လာတဲ့အခါ မောင်နှမနှစ်ယောက်စလုံးကိုခေါ်၍ ဆူပူကြိမ်းမောင်းခဲ့သည် ။

" နန္ဒာ့အမှားပါ ။ တကယ်ဆို မဏိစောင်းတီးသင်ချင်တယ်ဆိုပြီး အတင်းတောင်းဆိုတာကို ငြင်းခဲ့သင့်တာ "

မုသားစကားအားကြားမိသောအခါ အံ့သြရသူမှာ မဏိသာဖြစ်သည်။ မယ်မယ်ကြီး၏ ဒေါသတွေကြားခေါင်းငုံ့လို့ ဆူပူပြစ်တင်သမျှ ခေါင်းငုံ့ခံခဲ့ရပေမဲ့ မမကတော့ လွှတ်မြောက်ခဲ့လေသည် ။

" ဟဲ့.... ဟိုအရပ်ရှည်ရှည်နဲ့ကောင်လေးက နင့်ကိုငါဆိုပြီးလိုက်နေတာမဟုတ်လား "

My Bad Husband Where stories live. Discover now