အပိုင်း ၂၀

252 20 4
                                    

unicode

ပျော်နေတယ်ဆိုတာ မျက်နှာပေါ်ကအပြုံးချိုချိုလေးတွေကသက်သေပါပဲ။မပိုင်ဆိုင်ရလဲ ကျွန်တော်ပျော်ပါတယ်။ငေးကြည့်ရယုံနဲ့ ကျွန်တော် ကျေနပ်ပါတယ်။

အဲ့အပြုံးလှလှလေးတွေ ငေးရင်း တွေးရင်း ကော်ဖီတစ်ငုံမော့သောက်လိုက် တိမ်တွေငေးလိုက်နဲ့ ရင်ထဲမှာတော့ တိမ်ပြိုသလို ငိုချင်နေသလိုပါပဲ။

မရဲ့ အလှစွမ်းအားကတော့ အေးစက်နေတဲ့ကော်ဖီထိ ညို့ငင်နိုင်လိုက်တာ။အရသာ ရှိတုန်းပဲလေ။စိတ်က ဝမ်းနည်းရိပ်ဝင်ချင်လို့လား တစ်စိမ့်စိမ့်ခါးသက်လာသလို။

ဪ.. ကျွန်တော်မေ့နေတာပဲ။မရဲ့ ပဝါ ပြန်ပေးရဦးမယ်။ကိုယ့်အတွေးနဲ့ကို သောက်လက်စကော်ဖီခွက် စားပွဲပေါ်ပြန်ချလိုက်သည်။

"မ ဒီမှာ ခဏစောင့်ဦးနော်..."

ပြန်ဖြေတာမစောင့်တော့ပဲ ချာခနဲ့ လှည့်ထွက်ပြီးအောက်ကို ကပျာကယာဆင်းခဲ့လိုက်တယ်။

ဆိုဖာပေါ်မှာ ခွေထားတဲ့သိုးမွေးပဝါတစ်ခုကို ကောက်ယူပြီး ဘာရယ်မဟုတ်ရပ်ကြည့်နေမိတုန်း။

ပြန်ပေးရမှာတောင် နှမြောမိတယ်ဗျာ။ဒီတစ်ကြိမ်ပဲ နှမြောတွန့်တိုတဲ့စိတ်နဲ့ သက်မဲ့ပစ္စည်းတစ်ခုအပေါ် တသသယုယနေမိတာ ကျွန်တော်ယဥ်ယဥ်လေးရူးတတ်ခဲ့ပြီထင်။ဘာဖြစ်ဖြစ် ပိုင်ရှင်ကိုပြန်ပေးရမှာပဲလေ။

ဖွပ်ဖွပ်လေး ငုံ့နမ်းကြည့်တယ်။မရဲ့ ကိုယ်သင်းရနံ့ပဲလား။သိုးမွေးရနံ့ပဲလား ရနံ့သင်းသင်းလေးတစ်ခု။နှာတံကတစ်ဆင့် နှလုံးသားထိထိုးဖောက်စွဲကျန်ရစ်စေတာ စွဲမက်ချင်စရာအငွေ့အသက်။ထွေးပွေ့ထားချင်လိုက်တာ။

အမိုးထက် ပြန်တက်လာတော့ နေလုံးဝင်စပြုနေပြီ။အနောက်အရပ် မျက်နှာမူပြီး ရပ်ငေးနေတဲ့ကျောပြင်ကလေး။ခါးသွယ်သွယ်လေးကို ​ကြင်ကြင်နာနာပွေ့ဖက်ထားချင်စရာ။

ပုစွန်ဆီရောင်သမ်းနေတဲ့ ညနေဆည်းဆာက ပိုပြီးရဲတောက်လာလေ နေရောင်ဟပ်နေတဲ့ မရဲ့ မျက်နှာသွင်ပြင် ကိုယ်နေဟန်ထား အသားအရည်ဝင်းပနေပုံက ရွှေရည်စိမ်ထားသည့်အလား မဟာဆန်စွာပေါ်လွင်နေတာ ကျက်သရေရှိလိုက်တာ။နတ်သမီးတစ်ပါး လူယောင်ဖန်ဆင်းပြီးရပ်နေသည့်အလား တောက်ပပြည့်စုံတဲ့ အလှတရား။ဒီနေလုံးကွယ်ပျောက်သွားမှာတောင်စိုးမိတယ်။

မ [ Uni🔛Zaw ]Where stories live. Discover now