8 (U+Z)

1.1K 181 25
                                    

မွန်းတည့်နေရောင်ဟာ အဝေးပြေးကားဝန်းတစ်ခုလုံးအပေါ်မှာ မျှတစွာ ဖြာကျလို့နေတယ်။ စျေးရောင်းတဲ့အသံတွေကြားမှာ ခရီးသည်များရဲ့စကားသံက ရောယှက်နေပြီး ဆိုက်ရောက်နဲ့ထွက်ခွာခရီးသွားယာဥ်တို့ ဘေးတိုက်ရှောင်သွားကြတယ်။

ရန်ကုန်-ပုသိမ် ခရီးသွားကားလိုင်းရဲ့ ရုံးခန်းထဲမှာ ပလုံစီနေတဲ့ အထုပ်တွေ။ အထုပ်တွေကိုရေတွက်ပြီး သေချာစစ်ကြည့်နေတာကို ဝန်ထမ်းနှစ်ယောက်က ရပ်စောင့်နေကြတယ်။

"ဆလိုင်းအယ်လ်ဗင်ဆီမှာ အလုပ်အားရက်ရှိနေကြောင်း သတင်းလေးများကြားလိုက်ရင် အာအူးကတော့ ခိုင်းမယ်ဆိုတာချည်းပဲ..''

"ခိုင်းစရာ နင်ပဲရှိတာ နင့်ပဲခိုင်းမှာပေါ့ ''

"အာဒံက မွေးစားသားလား...ဒါမှမဟုတ် ကျွန်တော်က မွေးစားသားဖြစ်နေတာလား..''

ဖုန်းကို နားနဲ့ပခုံးကြားမှာညှပ်ထားလိုက်တယ်။ လက်က ပစ္စည်းလက်ခံမယ့်သူရဲ့ နေရပ်လိပ်စာနဲ့ဖုန်းနံပါတ်ကို ရေးပေးနေရလို့ မအားလပ်။ နေရပ်လိပ်စာရေးပြီးမှ ဝန်ထမ်းဆီလှမ်းပေးလိုက်တယ်။ ဝန်ထမ်းကဖတ်ကြည့်ပြီး ခေါင်းညိတ်ပြမှ ရုံးခန်းထဲက ထွက်ရတော့တယ်။

"နင် တော်တော်ရန်တွေ့ကောင်းနေတယ် ။ ဘာတွေစိတ်မကြည်ဖြစ်နေတာလဲ..''

အာအူးမေးလိုက်မှပဲ လူက ပိုပြီးစိတ်မကြည်ချင်ဖြစ်သွားတယ်။ တုံးအတဲ့အပြင် ပိုင်ရာဆိုင်ရာနဲ့ ခွဲခွာခဲ့ရတဲ့သူကို မနက်စာကျွေးမယ်လို့ တစ်ညလုံး စိတ်ကူးနေခဲ့တာဟာ တကယ်မိုးလင်းတော့ ဘတ်စ်ကားဂိတ်အထိပို့ဖို့တောင် ကမန်းကတမ်းနဲ့ ။ ညက အိပ်မပျော်ခင်အထိ လေနဲ့ရေပဲအန်နေမှတော့ သူ့အစာအိမ်ဟောင်းလောင်းဖြစ်နေတာ သေချာတယ်။ သူ့ဘာသာဆိုရင် စားတာ မစားတာကို သတိတရရှိမယ် မထင်ဘူး။ အခုတော့ အကုန်လွဲတာပဲ။ ကိုယ့်ဖုန်းနံပါတ်ရေးပေးလိုက်ပေမဲ့ ကိုယ့်ကိုဆက်သွယ်မလားဆိုတာက ၇၀:၃၀။ အဲ့ဒီသုံးဆယ်ကလည်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးထားတာ။

"အာအူးမှာတာတွေ အကုန်ပို့လိုက်ပြီနော်။ ဒါပဲမလား..''

စကားစကိုမြန်မြန်ဖြတ်လိုက်ချင်ပြီ။ တစ်ခုခုကို အပြစ်ရှာချင်နေတဲ့စိတ်က အရေပြားပေါ်လာနားတဲ့ ယင်ကောင်ရဲ့ခြေလှမ်းများလို တယွယွနဲ့ ပမာမခန့်လုပ်နေကြတယ်။ တစ်စုံတစ်ရာကို အာရုံစိုက်ပြီဆိုရင် တစ်စိုက်မတ်မတ်ပုံပစ်လိုက်တဲ့အကျင့်က ပြုပြင်နေလည်း ပြောင်းလဲသွားခြင်း မရှိ။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now