24 (U+Z)

972 134 11
                                    

အလုပ်ထဲမှာ နေ့လည်စာစားဖို့ နားတဲ့အချိန်ကျမှ Receptionက ကောင်မလေးတွေ ရောက်ရာပေါက်ရာစကားပြောကြရင်း ရုတ်တရက်ပဲ ခန့်သူရဲ့အမေဆီကို ဒီညနေမှာ လူနာသတင်းမေးသွားမယ်ဆိုပြီး စီစဥ်ကြတယ်။ ခန့်သူဆိုတာက လွင်နဲ့ဂျူတီချိန်ပြောင်းရတဲ့ ကောင်လေး။ အလုပ်ချိန်မတူပေမဲ့ အဲ့ဒီကောင်လေးက နှုတ်ပေါ့တယ်။ သူ့ထက် အသက်ကြီးတဲ့သူတွေဆိုရင် အစ်ကိုရေအစ်မရေ...၊ ငယ်တဲ့သူဆိုရင် ညီရေညီမရေနဲ့ ဆက်ဆံရေးကောင်းတယ်။ အဲ့ဒါကြောင့်လည်း အခုတလောမှာ သူ့အမေရဲ့ကျန်းမာရေး အညံ့ထဲကိုရောက်နေမှန်းသိကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေက လူမှုရေးခေါင်ပါးပြီး မသိသလို မနေနိုင်ကြတော့ဘူး။ လွင်လည်း အပါအဝင်ပေါ့။ ခန့်သူရဲ့အမေက ဆေးရုံဆင်းပြီး အိမ်မှာပြန်နေပြီဆိုတော့ ခန့်သူ့ရဲ့ကိုယ်စား လွင်နာရီဝက်ပိုပြီး အလုပ်ဆင်းစရာ မလိုတော့တာကိုသိတဲ့ ကောင်မလေးတွေက အလွင်ရော လိုက်မလားဆိုပြီး မေးကြတယ်။ လွင်တစ်ယောက်တည်း သတင်းမေးသွားရင် ကြောင်အမ်းအမ်းဖြစ်ရမှာကို တွေးမိတယ်။ အဲ့ဒီတော့ သူတို့နဲ့အတူသွားဖို့ ခေါင်းညိတ်လိုက်တယ်။

အဲ့ဒီအချိန်အထိ လွင့်ရဲ့အတွေးက စင်းဖြောင့်နေတုန်းပဲ။ နေ့လည်စာစားပြီးမှ ကိုဆလိုင်းအယ်လ်ဗင်ဆီဖုန်းဆက်မိတာ... လွင့်မှာ စိတ်ထင့်စရာဖြစ်တော့တယ်။ ဘယ်အချိန်ကစပြီး လွင့်ရဲ့ညနေနဲ့ အဲ့ဒီလူက သက်ဆိုင်မှုရှိသွားပါလိမ့်..။ သိပ္ပံဘာသာမှာ သင်ခဲ့ရတဲ့ ဆွဲငင်အားတွေ အလင်းပြန်ခြင်းတွေ တုန်ခါမှုကြောင့်အသံဖြစ်လာရခြင်းတွေလိုမျိုး။ ဆက်စပ်မှုရှိတဲ့ အရာဝတ္ထုနှစ်ခုမှာ တစ်ခုက စတင်ပြီး ချဥ်းကပ်တဲ့အခါ နောက်ထပ်တစ်ခုက တုံ့ပြန်ကြတယ်။ လွင်ပြင်သစ်နဲ့ ဆလိုင်းအယ်လ်ဗင်ကြားမှာလည်း ချဥ်းကပ်ရင် တုံ့ပြန်ရမယ့် ခံစားချက်တွေ စတင်နေပြီလား..။

လွင် အလုပ်ပြန်ဝင်ဖို့ အချိန်သိပ်မကျန်တော့လို့ ဖုန်းကိုအမြန်ချလိုက်ရပေမဲ့ စကားသံတိတ်နေတဲ့လူကြောင့် အလုပ်ထဲမှာလည်း တောက်လျှောက် အဲ့ဒါကိုပဲတွေးပြီး စိုးရိမ်လာတယ်။ ပုံမှန်ဆိုရင် လွင်က စကားတစ်ခွန်းမှာ ကိုအယ်လ်ဗင်က စကားနှစ်ခွန်းခွဲဖြစ်နေပြီ။ လွင်ကြားခဲ့ရတဲ့ သူ့အသံက တိမ်ဝင်ပြီးအက်ရှနေတာကို ပြန်တွေးမိရင်း ''ခင်ဗျား သက်သာရဲ့လား''မေးဖို့ ခဏလစ်ပြီး ဖုန်းခိုးဆက်မယ်လို့ အကြံဉာဏ်ပေါ်လာပေမဲ့ အဲ့ဒီကတည်းကစပြီး အလုပ်ကလည်း အချောင်ခိုဖို့ အချိန်မရှိတော့ဘူး။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now