"အယ်လဗင်ကောင် ဘယ်လိုဖြစ်ပြီး အလုပ်အသစ်ပြောင်းချင်ရတာလဲ..''
ဖုန်းထဲက အာအူးအသံကိုနားထောင်ရင်း ရယ်မိတော့ ဟဲ့ဆိုပြီး ဟန့်တယ်။ အာအူးက သားတွေရဲ့လမ်းကြောင်းကို တော်ရုံဝင်မနှောက်တတ်ပေမဲ့ ဘာလုပ်လုပ် အသိပေးတာကို လိုချင်တယ်။ အဲ့ဒါကို သိထားပေမဲ့ ကိုယ်က အစီအစဥ်မရှိဘဲ ရုတ်တရက်အလုပ်ထပြောင်းမိတော့ အာအူးကို မပြောမိဘူးဖြစ်သွားတယ်။
" အလုပ်အသစ်မဟုတ်ဘူး..ကုမ္ပဏီကတစ်ခုတည်းပဲ အာအူး ။ မြို့ပဲပြောင်းတာ..။''
"ဘယ်ကိုပြောင်းတာလဲ ''
"တိုကျို..''
"နင်ပဲ အစကတော့ တိုကျိုမှာမနေချင်ဘူးဆို..''
" ဟုတ်လား အာအူး..''
" ဘာဟုတ်လားလဲ..။ နင်ကတော့ နာဦးမယ်..''
အာအူးရဲ့ကြိမ်းမောင်းမှုကို ရယ်ခြင်းဖြင့် အနားသတ်ရတယ်။ အစတုန်းက တိုကျိုမှာ တကယ်မနေချင်ခဲ့တာ ။ နိုင်ငံတစ်နိုင်ငံရဲ့ မြို့တော်ဆိုတာ စည်ကားတဲ့ပြရုပ်နဲ့ ရှုပ်ထွေးနေလေ့ရှိတယ်။ အဲ့ဒီအချက်ကိုမကြိုက်လို့ နယ်မြို့တွေမှာ နေထိုင်ရတာကိုပိုနှစ်သက်လာပြီး အိုကီနာဝါနဲ့ရန်ကုန်ခရီးစဥ်ရဲ့ လေယာဥ်မောင်းနှင်သူဖြစ်လာခဲ့တယ်။ အခုကျတော့ အိုကီနာဝါမဟုတ်ဘဲ တိုကျိုမှာသာဆိုရင် ရန်ကုန်ကို မကြာခဏရောက်မယ်လို့ တွက်ဆမိပြန်တယ်။ တွက်ရေးနဲ့တော့ လွင်ဟာ ကိုယ့်ရဲ့အနာဂတ်ကောင်လေးဖြစ်နေပြီမို့ တွက်ကြည့်တဲ့အခါမှာလည်း လွင်ဟာ ကိုယ့်ရဲ့ကောင်လေးဖြစ်နေဖို့သာ အဓိကကျပါတယ်။ နာဟာလေဆိပ်ဖြစ်ဖြစ် နာရိတလေဆိပ်ပဲဖြစ်ဖြစ် လွင်ရှိတဲ့နေရာလောက်တော့ နေချင်စရာမကောင်းဘူးပေါ့ကွယ်။
"အလုပ်ကအစ အပြောင်းအလဲတွေလုပ်နေတာဆိုတော့လေ..။ ဟိုကလေးက နင့်ကိုပြန်မကြိုက်ရင် နင် ဘယ်လိုလုပ်မလဲ..''
Sectional Styleလို့ခေါ်တဲ့ ဆိုဖာပေါ်မှာ လှဲလျောင်းနေရင်းနဲ့ ထထိုင်လိုက်မိတယ်။ မဖြစ်သေးတာတွေအတွက် အယ်လ်ဗင်က ဘယ်တုန်းက ပူပင်ဖူးလို့လဲ။
"ကြိုက်ဖို့ဆိုရင်တော့...ကျွန်တော်လည်း သူ့ကိုမကြိုက်ပါဘူး။ ကျွန်တော်က သူ့ကိုချစ်တာ ။ ကြိုက်တာသာရွေးရမယ်ဆိုရင် သူက ကျွန်တော့်အကြိုက်ပုံစံမဟုတ်ဘူး..''