26 (U+Z)

1K 125 16
                                    

စိတ်သဘောရဲ့ အတွေးအမြင်တွေဆိုတာ ရွှေ့ပြောင်းဒုက္ခသည်နဲ့တူတယ် ။ တစ်နေရာနဲ့တစ်နေရာကို ကူးပြောင်းနေရပြီး ဘယ်နေရာမှာမှ တည်မြဲလေ့မရှိဘူးဆိုပေမဲ့ ပိုကောင်းတဲ့နေရာကိုရဖို့အတွက် လက်ပမ်းကျခြင်းမရှိဘူး။ အဲ့ဒါကြောင့် လူတစ်ယောက်ဟာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ကာလသုံးခုထဲက တစ်ခုမှာ အခြေအနေအရ ပိုပြီးနေထိုင်လေ့ရှိကြတယ်။ လူတစ်ယောက်ရဲ့စကားတွေမှာ ရှေ့ရေးကိုပဲ မကြာခဏပြောနေပြီဆိုရင် အဲ့ဒီလူက အနာဂတ်မှာ နေထိုင်တာပဲ။ မဖြစ်လာသေးတာကို ကြိုတင်ခံစားနေမယ် ၊ တိုက်ခိုက်နေမယ် ၊ ထွက်ပေါက်ရှာနေမယ်။ ကြိုတင်အကြံအစည်ရှိကြတဲ့ လူသားအမျိုးအစားတစ်ခုလို့ခေါ်ရမယ်။ အဲ့ဒီလိုမဟုတ်ဘဲ ပြီးခဲ့တဲ့ကိစ္စတွေကို ​ဆွဲထုတ်ပြီးခံစားနေမယ် ၊ ကြုံသမျှဆုံသမျှကို တွေ့ခဲ့မြင်ခဲ့ဖူးတာတွေနဲ့ ယှဥ်ကြည့်နေမယ် ၊ တစ်စုံတစ်ရာကို မကျေမနပ်ဖြစ်နေမယ်ဆိုရင် အတိတ်မှာနေတဲ့ လူသားအမျိုးအစားတစ်ခုဖြစ်ပြီး သူတို့မှာ ဇာတ်လမ်းတွေရှိတတ်တယ်။ ပစ္စုပ္ပန်မှာနေတဲ့သူတွေကျတော့ အများစုက ရေမှာပေါ်နေတဲ့ ဖော့တုံးကြီးနဲ့တူပြီး သူတို့မှာ အလေးချိန်မရှိဘူး။ ဒါပေမဲ့ အနည်းစုက ဖော့တုံးမဟုတ်ဘဲ ရေနဲ့တူတယ်။ သူတို့က ဖြစ်သလိုနေနိုင်သူတွေမို့လို့ ဆိုးရွားတဲ့အချိန်မှာတောင် ... ခဲရမလား ၊ ပူရမလား ၊ အငွေ့ပျံရမလား ၊ ခမ်းခြောက်ရမလားဆိုပြီး ပုံစံအမျိုးမျိုးနဲ့ ချော်လဲရောထိုင်လုပ်တတ်တယ်။

အဲ့ဒီပစ္စုပ္ပန်လူသားအမျိုးအစားကို ထင်သာမြင်သာအောင် ဥပမာပြရရင် ဆလိုင်းအယ်လ်ဗင်ဆိုတဲ့ ကိုယ်ပါပဲ။ လတ်တလောအခြေအနေမှာတော့ ကိုယ်ဟာ ပစ္စုပ္ပန်တွင်နေထိုင်သူ ဖြစ်တယ်။ အချိန်အခါကောင်းမဟုတ်တဲ့ အခိုက်အတန့်မှာ ဝေဒနာကို ကောင်းကောင်းအသုံးချပြီး မပြေလည်ခြင်းတွေကို ချော်လဲရောထိုင်လိုက်တယ်။ ဗိုက်က မခံမရပ်နိုင်အောင် နာတာမဟုတ်ပေမဲ့ ချက်ချင်းပဲ နာသေတော့မလိုမျိုး လုပ်ပြပြီး လွင်ကလေးရဲ့တိုက်ခန်းကို ကိုယ် ရောက်အောင်လိုက်ခဲ့တယ်။

လွင်ကလေးကတော့ ကိုယ်နဲ့အတွေးမတူဘဲ ပစ္စုပ္ပန်ကို ချန်လှပ်ပစ်တယ်။ အတိတ်ကာလကို ဆွဲထားပြီး အနာဂတ်ကိုလည်း လိုက်ဖမ်းတယ်။ အဲ့ဒီလိုနဲ့ပဲ ကိုယ်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုယ်တစ်ယောက် ဆန့်ကျင်ရင်း ဆွဲငင်သွားကြမယ်ဆိုရင်...။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now