28 (U+Z)

1.1K 154 16
                                    

''ကြောင်ပေါက်တွေက ရွံစရာလေးတွေနော်..''

အမွှေးအမျှင်မရှိဘဲ အရေခွံပျော့ပျော့နဲ့ ​မျက်လုံးမပွင့်သေးတဲ့ တိရစ္ဆာန်လေးနှစ်ကောင်ကိုကြည့်ပြီး ပါးစပ်က လွှတ်ခနဲပြောလိုက်မိသော စကားကြောင့် မာန်ဟုန်ပြင်းပြင်းဖြင့် သတိပေးခြင်းကို ခံယူလိုက်ရတော့တယ်။

''ခင်ဗျား အေးဆေးနေ...ရန်မစနဲ့..''

သူ့​ကြောင်တွေကိုစကားပြောရင် အသံအိုးမှာ သကြားပွင့်နေပြီး ကိုယ့်ကိုစကားလှည့်ပြောတော့ တစ်ကျွန်းပြန်အသံနဲ့။ အဲ့ဒါတွေကြောင့်လည်း အဲ့ဒီအကောင်တွေကို ပိုပြီးကြည့်မရတာ။

ဒါပေမဲ့... မလွန်ဆန်နိုင်သော အရင်းအမြစ်က တအားရစ်တွယ်ထားတော့ ကြည့်မရတဲ့ အဲ့ဒီအကောင်တွေကို အိမ်ခေါ်ထားရတဲ့အပြင် အစာကျွေးတာပါ လုပ်ပေးရသေးတယ်။ လွင်က အလုပ်သွားရတော့ သူ့ကြောင်တွေကို တိုက်ခန်းထဲမှာ ဒီအတိုင်းထားခဲ့ရင် တခြားကြောင်ထီးတွေက ကြောင်ပေါက်တွေကို လာကိုက်မှာစိုးလို့တဲ့။ ခင်ဗျား ကြောင်လေးတွေကို ၁၀ရက်လောက်ပဲ ခေါ်ထားပေးလို့ရမလားဆိုပြီး မေးတုန်းကတော့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့။ ကိုယ်ခံစားနေရတဲ့ အူရောင်ဝေဒနာ သက်သာသွားတယ်ဆိုတာ လွင်ပြင်သစ်ကို ကံကြမ္မာက မျက်နှာသာပေးလိုက်သလိုပဲ။ အားကိုးတကြီး တောင်းဆိုနေတဲ့ ပုံရိပ်လေးကြောင့် ငြင်းနိုင်တဲ့အင်အားတွေကို စုစည်းကြည့်ပေမဲ့ အချည်းနှီးဖြစ်ကုန်တယ်။ မ,ကိုမင်လို့ ဥ,ကိုခင်တယ်ဆိုတာက အခုတော့ ကြောင်သခင်ကို မင်လို့ သူ့ကြောင်ကို ပြုစုပျိုးထောင်နေရတဲ့ အဖြစ်သနစ်။

အခုလည်း သူ့ကြောင်တွေကို ဆိတ်လိုက်ဆွလိုက် လုပ်နေပြန်တယ်။ အစတုန်းက ကြောင်တွေကြောင့် အလုပ်ပြီးတာနဲ့ ကိုယ့်အိမ်ကို တန်းရောက်လာတဲ့ လွင်ကလေးကိုမြင်ရလို့ ကြည်နူးကျေနပ်နေပေမဲ့ ငါးရက်လောက်ကြာတော့ မျက်စိနောက်လာတယ်။ ကြောင်တွေကို ပေးစရာနာမည် အလွန်ရှားနေလို့ ခက်ခက်ခဲခဲပေးထားတာက ကြောင်ထီးလေးကို ​အယ်လ်ဗင်ကစ် ၊ ကြောင်မလေးကို ကန်ဒီကစ်တဲ့။ ဘယ်လိုမှ အဓိပ္ပါယ်မရှိတာကြီး ။ အဲ့ဒီကြောင်ထီးလေးက ကိုယ့်ကြောင့် အသက်ရှင်ရလို့ အမှတ်တရနာမည်ပေးထားတာဆိုပြီး အပြစ်ကင်းစင်ပါသော မျက်နှာလေးနဲ့ရှင်းပြတော့ မကျေနပ်တာက လျှောခနဲ ပြုတ်ကျသွားတယ်။ ဘာပဲဖြစ်ဖြစ် အယ်လ်ဗင်လည်း တစ်နေ့မှာတော့ အယ်လ်ဗင်ကစ်လိုမျိုး ချော့မြှူခံရတယ်ဆိုတာ ရှိလာဦးမှာပေါ့။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now