10 (U+Z)

1.2K 169 23
                                    

အလုပ်သိမ်းပြီး ဟိုတယ်ဝန်းထဲကထွက်လာတော့ ညနေငါးနာရီငါးမိနစ်။ ကြိုတင်အစီအစဥ်ရှိရင် မေ့ရိုးထုံစမ်းမရှိတဲ့မှတ်ဉာဏ်က 'မင်းအလုပ်ဆင်းရင် ဖုန်းခေါ်ပေး'ဆိုတဲ့လူကို ချက်ချင်းပဲအမှတ်ရတယ်။ တကယ်တမ်း ဖုန်းခေါ်ဖို့ကျတော့ ချီတုံချတုံ့။ စိတ်ခံစားချက်ပြင်းနေတဲ့အချိန်မှာသာ ဘာလုပ်လုပ် ကမူးရှူးထိုးနဲ့ စိတ်မြန်လက်မြန်ရှိပေမဲ့ စိတ်ငြိမ်နေရင်တော့ အဘက်ဘက်ကနေပြီး သံသယတွေစုပြုံဝင်လာကြတယ်။

သူက လွင့်ကို ဘာဖြစ်လို့ချဥ်းကပ်ရတာလဲ။ လွင့်မှာ မက်လောက်စရာပိုင်ဆိုင်မှုဆိုလို့ ကြည့်ကောင်းမယ်လို့ထင်ရတဲ့ မျက်နှာလေးပဲရှိတာ။ ပြီးတော့ မင်း အသက်ဘယ်နှစ်နှစ်လဲလို့ မေးသေးတာပဲ။ လွင့် ကလီစာတွေကိုလိုချင်လို့ မေးတာများလား ။ ဒါမှမဟုတ် လွင့်ကို လူကုန်ကူးပစ်မှာလား။ ဘယ်သူ့ကိုမှ ယုံကြည်ရတာမဟုတ်ဘူး။

ဖုန်းကိုလွယ်အိတ်ထဲထည့်ပြီး ဘတ်စ်ကားဂိတ်ရောက်အောင် လမ်းဆက်လျှောက်လိုက်တယ်။ လေးငါးလှမ်းပဲ။ ဆက်မလျှောက်နိုင်ဘူး။ လွယ်အိတ်ဇစ်ကိုပြန်ဆွဲဖွင့်ပြီး ဖုန်းကိုပြန်ထုတ်ရတယ်။

သူသာ လွင့်ကိုဒုက္ခပေးချင်ရင် ဘာတွေကိုစောင့်နေရဦးမှာလဲ။ ဟိုနေ့ညကတည်းက လက်စဖျောက်လိုက်ရင်တောင်ရတယ်။ 'မင်းနဲ့ရင်းနှီးချင်တယ်'ဆိုတဲ့ မျက်လုံးကြည်တွေက လွင့်ရင်ဘတ်ကိုခွင်းပြီး ဝမ်းနည်းစိတ်ကို မျက်ရည်မြစ်ရဲ့မျက်နှာပြင်ပေါ် ပစ်တင်နိုင်ခဲ့တာပဲ။ လွင့်မျက်ရည်တချို့ ဖိတ်စင်လျှံစီးခဲ့မိတာပေါ့။

လွင် တစ်ယောက်တည်းဖြစ်နေခဲ့တာကြာပြီ ။ မောင့်ကိုညွှန်ပြနေတဲ့ လွင့်ရဲ့နာရီလက်တံတွေကြောင့် လွင့်ရဲ့အချိန်တွေက မောင်ပဲဖြစ်နေခဲ့တယ်။ မောင့်ကြောင့် ပြုံးရမယ်...မောင့်ကြောင့် ငိုရမယ်လို့ဖြစ်ခဲ့တယ်။ မောင့်ကိုဆွဲဖယ်လိုက်တော့ လွင့်ဆီမှာ ဗလာဖြစ်ရမယ့်အစား အပြုံးတွေပျောက်ပြီး အငိုတွေကျန်ခဲ့တယ်။ လွင်ပြောတဲ့စကားတွေကို စိတ်မဝင်စားဘဲ အစာတောင်းပြီးရင် သူ့ယောက်ျားနောက်လိုက်သွားတဲ့ကန်ဒီကလည်း လွင့်အတွက် အဖော်မဟုတ်တော့ဘူး။ ''မိုးသောက်မကောင်းဘူး''ဆိုပြီး..ကိုယ့်ဘာသာပဲ ''ဟုတ်တယ် အဲ့ဒီကောင်မကောင်းဘူး'' လို့ ပြန်ဖေးမရတယ်။ တစ်ယောက်တည်းစကားပြောရတဲ့ နေ့တွေကိုလည်း လွင်စိတ်ကုန်နေပြီ။ကိုယ့်အပေါ်အနေစိမ်းနိုင်တဲ့ကောင်အတွက် တစ်ချိန်လုံး လူးလဲပြီးလည်း မနာကျင်ချင်တော့ဘူး။ မျက်နှာချင်းဆိုင်ပြန်တွေ့ရတဲ့နေ့ကျမှ မျက်ခွက်ကို စပျစ်သီးရောင်ထွက်အောင် ပိတ်ထိုးပစ်မယ်။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now