တိမ်းညွှတ်ခြင်းကြောင့် - 40
ညရဲ့တိတ်ဆိတ်မှုဟာ တောကြီးဂနိုင်ထဲမှာရှိတဲ့ ကျောက်ဂူထဲမှာ နေထိုင်ရသလိုမျိုး မဲမှောင်ပြီး အေးစက်နေတယ်။အလင်းရောင်ကို စိုးစိမျှမမြင်ရတော့သလို ခံစားရတဲ့အခါ ဖြစ်နေဆဲအခြေအနေအတွက် အားနည်းချင်လာတယ်။
အိပ်ရာစောစောဝင်တဲ့ညဆိုပေမဲ့ ဘယ်လိုမှ အိပ်မပျော်လို့ လွင် ထထိုင်နေလိုက်ရတယ်။ ဖေဖေနဲ့မေမေတို့ အခန်းဘက်က ဖေဖေ့ရဲ့ချောင်းဟန့်သံကို ကြားလိုက်ရတယ်။ ဖေဖေက စိတ်ဆိုးတဲ့အခါ ပေါက်ကွဲတာမှမဟုတ်ရင် စကားမပြောဘဲ မျက်နှာကိုစူထားပြီး ခဏခဏချောင်းဟန့်တတ်တဲ့ အကျင့်ရှိတယ်။ အခုအချိန်မှာ ဖေဖေ ဘယ်သူ့ကို စိတ်ဆိုးနေလဲဆိုတာ သိသာထင်ရှားပါတယ်။
လွင် တစ်ယောက်ယောက်နဲ့ စကားပြောရရင် ကောင်းမှာပဲလို့ တွေးမိတယ်။ စကားပြောစရာလူကတော့ တစ်ယောက်မှမရှိဘူး ။
ဒီအချိန်ဆိုရင် အစ်ကိုအယ်လ်ဗင်က ပင်လယ်သမုဒ္ဒရာကို ဖြတ်သန်းနေတာဖြစ်မလား ၊ တောအုပ်တောင်တန်းတွေကို ဖြတ်သန်းနေတာဖြစ်မလားဆိုပြီး သတိရနေမိတယ်။ ပြီးတော့ မနက်ဖြန်ကစပြီး လွင် ဘာလုပ်ရမလဲ..။
ဒေါက်...ဒေါက်*
တံခါးခေါက်သံနှစ်ချက်ထွက်လာလို့ လွင် တံခါးထဖွင့်ပေးတော့ လွင့်အခန်းရှေ့မှာရောက်နေတာ မေမေ။
''ဘာဖြစ်လို့လဲ မေမေ..''
''အိပ်မပျော်လို့ ... နင်လည်း အိပ်မပျော်ဘူးလား..''
စကားပြောရင်းဆိုရင်းနဲ့ လွင့်အခန်းထဲ မေမေ ဝင်လာတယ်။ အိမ်ရဲ့အိပ်ခန်းတွေက တစ်ယောက်နေသာရုံလေး ဖွဲ့ပေးထားတာဆိုတော့ သိပ်မချောင်လှဘူး။ ကုတင်တစ်လုံး ဗီဒိုတစ်လုံး စားပွဲတစ်လုံးပဲရှိပေမဲ့ ပြည့်ကျပ်နေပြီ။ မေမေက လွင့်ရဲ့ ကုတင်ပေါ်မှာ တုံးလုံးလဲပစ်တယ်။ စားပွဲအောက်ထိုးထားတဲ့ ထိုင်ခုံကိုဆွဲထုတ်ပြီး လွင် ထိုင်လိုက်တယ်။
'' ဒီတစ်ခါလည်း ဖေဖေစိတ်ဆိုးအောင်ပြောမိတဲ့ ကျွန်တော့်ရဲ့အပြစ်ပဲမလား မေမေ..''
အမြဲတမ်း လွင့်မှာပဲ အပြစ်ရှိတယ်ဆိုတဲ့အတွက် အခုတစ်ခါကျမှ အပြစ်ကိုငြင်းဆန်တာမျိုး လွင်လုပ်မှာမဟုတ်တော့ဘူး။