14 (U+Z)

1.1K 171 16
                                    

"ဒီဆိုင်လား..''

"အွန်း...ဟုတ်တယ်လေ ''

ကားကိုတစ်ကွေ့တစ်ပတ်မောင်းပြီး အချိန်နာရီဝက်လောက်သုံးလိုက်ရပေမဲ့ လွင်ရွေးထားတဲ့ဆိုင်က ထူးခြားနေတာလည်း မဟုတ်။ ဆိုင်ကို မှန်တွေနဲ့ကာရံထားပြီး ဆိုင်ရှေ့မျက်နှာစာမှာ သစ်ပင်တွေနဲ့စိမ်းစိုနေလို့ အမြင်တော့အေးစေတယ်။

"ခင်ဗျားက လာလေ..''

ဒီဆိုင်ကို တစ်ခါမှမရောက်ဖူးလို့ ဒေသန္တရကို လေ့လာနေတုန်းမှာ ဆိုင်ထဲမဝင်ဘဲ ရပ်စောင့်နေတဲ့ကောင်လေးကြောင့် ကြည်နူးမှုတွေဟာ အောက်ဆီဂျင်ဘူးထဲက ရေဆူလေးတွေလိုမျိုး ပလုံစီပြီးတတ်လာလို့ ​ပြုံးလိုက်မိတယ်။ အခုတော့လည်း လွင်ကလေးရဲ့မျက်နှာက ကြည်စင်နေတာပဲ။ ပြစ်မျိုးမှဲ့မထင် ငြိုငြင်ဖို့ရာမရှိ ။ ခုနတုန်းက သည်းကြီးမည်းကြီးငိုချင်းချထားတာ သူလေလို့ပြောရင် ယုံမယ့်သူမရှိနိုင်တဲ့အထိ ။

"လွင်လေးရယ်...ကိုကိုက ထွက်မပြေးပါဘူးကွာ..''

မျောက်မြင်ရင် ခဲနဲ့ပစ်ချင်ဆိုတဲ့ စကားမျိုးကို ကြားခဲ့ဖူးတယ်။ အကြင်နာတရားမပါဘဲ အမြင်ကတ်တဲ့သဘောဖြစ်နေတယ်။ အဲ့ဒါကြောင့် အကြင်နာတရားပါအောင်လို့ ကိုယ့်ဘာသာဉာဏ်ကွန့်ရတယ်။ လွင့်ကိုကြည့်ပြီး ဘာနဲ့တူလဲစဥ်းစားလိုက်တော့ ရှောင်လုံးပေါင်းဆိုတဲ့ ဖက်ထုပ်လုံးလေးတွေကိုမြင်မိတယ်။သာသာလေးညှစ်လိုက်ရုံနဲ့ အရည်တွေထွက်လာမယ်ဆိုတာကိုသိပေမဲ့ ညှစ်ကိုညှစ်ပစ်ချင်စရာလေးဖြစ်နေတာမျိုး ။ ရှောင်လုံးပေါင်းကိုမြင်ရင် ညှစ်ချင်သလို ၊ လွင့်ကိုမြင်ရင် စချင်လာတဲ့ ရုပ်နဲ့နာမ်ရဲ့တုံ့ပြန်လှုပ်ခတ်ပုံများက ဒီလိုအချိန်ကျတော့ အသွက်။

"ခင်ဗျားကတစ်မျိုး...စိတ်ပိန်လိုက်တာ။''

နှုတ်ခမ်းတစ်ဖက်ကိုမဲ့ပြီး စိတ်ပျက်ဟန်နဲ့ပြောရင်း မျက်စောင်းလေးတစ်ချက်ကလည်း မပါမဖြစ်။ စိတ်သိပ်ကြည်နေပုံမရတော့ ထပ်စချင်တဲ့စကားလုံးတွေရှိပေမဲ့ နှုတ်ဆိတ်ပစ်လိုက်ရတယ်။

ဒီတစ်ပတ်မှာ ဝိတ်​လေးပေါင်တက်လာလို့ ညစာဖြတ်ထားတဲ့ ကိုယ့်ရဲ့ဝိတ်လျှော့ခြင်း အစီအစဥ်ကိုဖျက် ၊ နားနားပြီးငိုနေသူကို မျက်နှာငယ်နဲ့ ကိုယ်ဗိုက်ဆာတယ်ဆိုပြီး ဟန်လုပ်ရသေးတယ်။ သရုပ်ဆောင်သင်တန်းမဆင်းထားပေမဲ့ ဆေးစက်ကျရာ အရုပ်ထင်ချက်ပီပြင်တော့ ဆိုင်တစ်ဆိုင်သွားရအောင်ဆိုတဲ့စကားကို နားထောင်ပေးပြီး ဆိုင်ရွေးပေးတယ်။ သူ့ဘာသာ ကိုယ်ရှေ့မှာ ငိုယိုပြီးမှ သူ့ဘာသာပြန်ရှက်ပြီး တစ်လမ်းလုံး အကြွေးရှင်မျက်နှာနဲ့ မာထန်နေတာက အခုထိ အရှိန်မလျှော့သေးဘူး ။ အဲ့ဒါက ပိုချစ်ဖို့ကောင်းမှန်းလည်း နားမလည်ဘူး။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now