30 (U+Z)

971 121 11
                                    

တိမ်းညွတ်ခြင်းကြောင့် 30

ဘဝအဆက်ဆက် ငတ်မွတ်ခေါင်ပါးခဲ့ပြီး ဒီနေ့ကျမှ စားရသောက်ရတဲ့ဘဝကို ရောက်လာရသလိုမျိုး ရွှေတောင်ခေါက်ဆွဲကို မှိန်ရည်ယှက်ရည်စားသုံးနေသော ဆလိုင်းအယ်လ်ဗင်ကိုကြည့်ပြီး စိတ်ကသိကအောက်ဖြစ်နေရသူမှာ လွင်ပြင်သစ်။

လွင့်ဘက်မှ ခြေတစ်လှမ်း စလှမ်းလာပြီဖြစ်ကြောင်း အသိပေးခဲ့ပေမဲ့ မျက်တောင်တစ်ချက်မခတ်ဘဲ လျစ်လျူရှုသွားသော ဆလိုင်းအယ်လ်ဗင်ကတော့ အေးအေးဆေးဆေး။ လွင်က အယ်လ်ဗင့်စိတ်ကို မရိုးမယွဖြစ်အောင် ပညာပေးလိုက်ချင်လို့ အနှောင့်အသွားမလွတ်တဲ့ စကားကို တမင်ပြောခဲ့တာ။ ကိုယ့်စေတနာ ကိုယ့်ကိုပြန်ပြီး အကျိုးပေးလိမ့်မယ်ဆိုတဲ့ ဆုံးမစကားအတိုင်းပါပဲ။ တကယ်တမ်းမှာ မရိုးမယွဖြစ်ရသူဟာ လွင်ဖြစ်နေတယ်။

ကြောင်သားအမိ သုံးကောင်ကို လေးထောင့်ဆွဲခြင်းထဲထည့်ပြီး ကျွန်တော်ပြန်​ပြီဆိုတော့ သူလည်း သူ့အစ်ကိုအိမ်ကို သွားရမှာမို့ လမ်းကြုံဝင်ပို့ပေးမယ်တဲ့ ။ ဘာမှပြန်မပြောမိပေမဲ့ စိတ်ထဲမှာ အဆင်မပြေဖြစ်ရတယ်။ အဲ့ဒါကြောင့်ပေါ့... ပရောပရည်တွေဟာ ခဏပဲ ၊ နောက်ဆိုရင် တဖြည်းဖြည်း ဆုတ်လျှော့သွားမှာ။

လမ်းကြုံလိုက်ပို့ပေးတဲ့ လမ်းတစ်လျှောက်မှာလည်း နှစ်ယောက်စလုံး စကားမပြောဖြစ်တော့ဘူး။ ဘာကြောင့်များပါလိမ့်ဆိုပြီး လွင် အမျိုးမျိုးစဥ်းစားနေမိတယ်။ လွင့်မှာ အပြစ်ဆိုလို့ ကုတ်လိုက်မိတာပဲရှိတယ်။ အဲ့ဒီထက်ပိုပြီး ဒီလိုတိတ်ဆိတ်သွားစေနိုင်တဲ့ ပြဿနာကို ဘယ်လောက် စဥ်းစားစဥ်းစား အဖြေမရဘူး ။ တစ်ချက်တစ်ချက် ထအော်တဲ့ ကန်ဒီတို့သားအမိရဲ့ အသံလေးတွေသာမရှိရင် ဒီအခြေအနေက လွင့်အတွက် တော်တော်ဆိုးရွားမှာပဲ။

လွင်နေတဲ့ ရပ်ကွက်လမ်းထိပ်ကိုရောက်တော့ အယ်လ်ဗင်က ကားရပ်ပေးပြီး သူကိုယ်တိုင်လည်း ကားပေါ်ကဆင်းတယ်။ အယ်လ်ဗင်ရဲ့အရိပ်အကဲကို လွင်ကြည့်နေတုန်းမှာ ကြောင်တွေထည့်ထားတဲ့ဆွဲခြင်းက အယ်လ်ဗင့်ဆီရောက်သွားတယ်။

'' ကိုယ်လိုက်ပို့ပေးမယ်လေ..''

ကားဘေးမှာ မတ်တပ်ရပ်နေတဲ့ လွင့်ကို အယ်လ်ဗင်က ခေါင်းညိတ်ပြီးခေါ်တယ်။ အယ်လ်ဗင့်ပုံစံက တစ်ခုခုကို မကျေနပ်နေတဲ့ပုံစံမဟုတ်ပေမဲ့ လွင်အတွက်တော့... ဆလိုင်းအယ်လ်ဗင်နောက်ထပ်တစ်ယောက်လို့ပဲ ခံစားရတယ်။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now