27 (U+Z)

1K 127 12
                                    

နေရောင်ပျိုးစ မနက်ခင်းမှာ ရေစိမ်ထားသော ပဲဇံများကို လမ်းမဘေးရှိ နေရာလွတ်တွင် ကျဲလိုက်သောအခါ တောင်ပံခတ်သံနဲ့အတူ လေပွေတစ်ခုဟာ အနီးဝန်းကျင်ကို ဝှေ့တိုက်ပစ်တော့တယ်။ လေအရှိန်ကြောင့် လွင့်ခါပြီးထွက်သွားတဲ့ သစ်ရွက်ခြောက်တွေ။ တစ်စုတစ်စည်းတည်း ကျပ်သည်းအောင်ကျလာတဲ့ ခိုငှက်များ။ ချက်ချင်းပျောက်သွားသော ပဲဇံဝါဝါ။

ခိုငှက်တွေပဲ မျိုးပွားလာလို့လား မသိ။ လွင်ကျွေးတဲ့ ပဲဇံရေစိမ်က ခဏလေးနဲ့ ကုန်သွားတယ်။ ခိုစာကုန်တော့မှ မနက်ခင်းတာဝန်ကျေသလို ထင်ရတယ်။

လွင် တိုက်ခန်းထဲပြန်ရောက်တော့ ...
ပုံမှန်အလုပ်ပိတ်ရက်တွေဆိုရင် မနက်စောစော ခိုစာကျွေးပြီးပြန်လာတဲ့အခါ ထပ်အိပ်ဖြစ်ပေမဲ့ ဒီနေ့က သွားစရာရှိနေလို့ အလုပ်သွားရတဲ့နေ့တွေလိုပဲ ပြန်မအိပ်ဖြစ်ဘဲ ရေချိုးခန်းကို တန်းဝင်ရတော့တယ် ။ အပြင်မှာ နေပူရင် သွားရလာရတာ ပိုပင်ပန်းတယ်။ ပြီးတော့ လွင်က အပူဒဏ်မခံနိုင်တဲ့သူ ။ စိတ်ပူ ခေါင်းပူ ကိုယ်ပူ ဘာအပူကိုမှ ခုခံနိုင်စွမ်းမရှိဘူး။ အဲ့ဒါကြောင့်လည်း နေမပြင်းခင် သွားစရာရှိတာသွားပြီး ​အိမ်ကိုမြန်မြန်ပြန်လာရလိမ့်မယ်။

'' ညှောင်...ညှောင်..ညှောင်..''

လွင်ရေချိုးပြီး ပြန်ထွက်လာတော့ အခန်းရှေ့မှာ ငုပ်တုတ်ထိုင်စောင့်နေတဲ့ ကန်ဒီ။ သမီးတစ်ကောင်ကလည်း အိပ်ရာနိုးကတည်းက လွင့်သွားတဲ့နောက်ကိုလိုက်ပြီး အီနေတယ်။ အစာကျွေးတာကိုကျတော့ မစားဘူး။

''နေမကောင်းဘူးလား သမီးလေး..''

ရေချိုးခန်းရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး ကန်ဒီ့မျက်နှာလေးကို လက်ခုပ်ထဲထည့်ရင်း မေးလိုက်တော့ မျက်ဆန်အိမ်က တလည်လည်။ ဒီရက်ထဲမှာ သူ့ကိုအချိန်သိပ်မပေးနိုင်လို့ ချွဲနေတာ။ ချစ်စရာကောင်းနေတဲ့ရုပ်က မကြာခင်မှာ ကြောင်ဖြူကောင်ရှိတဲ့အိမ်ကို လစ်တော့မယ်လို့ ဖော်ပြနေတယ်။ သင်း(ဒင်း)ကလည်း ကြိုက်မရှက် ငိုက်မရှက်။

''ပါးပါးကိုချွဲနေတာလား ကန်ဒီ..''

ကန်ဒီရဲ့ဗိုက်လုံးလုံးကို ခဏထိုင်ပြီး ပွတ်သပ်ပေးလိုက်တယ် ။ ဗိုက်ထဲက အကောင်ပေါက်လေးတွေက ဘယ်တော့ ထွက်လာမှာလဲ..။ ကြောင်မလေးတွေ ကိုယ်ဝန်ရှိနေရင် အမြင့်မတက်စေနဲ့လို့ Facebookမှာ ဖတ်လိုက်ရပေမဲ့ လွင်က အလုပ်သွားနေရတော့ ကန်ဒီကိုလည်း ဂရုမစိုက်နိုင်ခဲ့။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now