15 (U+Z)

1K 145 13
                                    

ကားမှန်ပြတင်းပေါက်နားကပ်ပြီး နှစ်ကာလအတန်ကြာမှ သက်ဝင်နိုးထလှပလာတဲ့ညကို ငေးမောကြည့်မိတယ်။ ဒီလိုဆိုတော့လည်း ညဟာ တစ်နေ့တာပင်ပန်းသမျှကို အပန်းဖြေဖို့အတွက် ဖြစ်နေတယ်။

လွင့်ရဲ့အစောပိုင်းအတွေးက ဆလိုင်းအယ်လ်ဗင်ဆိုတဲ့လူကို အဆက်အသွယ်ဖြတ်ပစ်ချင်တာ ။ ဖေ့စ်ဘွတ်အကောင့်နဲ့ဖုန်းနံပါတ်ကို ပြောင်းဖို့အထိ စဥ်းစားပြီးပြီ။ ဒါပေမဲ့ သူက ရုတ်တရတ်ကြီး လွင့်ရှေ့မှာ ပေါ်လာမယ်လို့တော့ မထင်ခဲ့ဘူး ။ အဲ့ဒီလိုမထင်ထားချိန်မှာ တွေ့လိုက်ရတာဆိုတော့ လွင်က ဇာတ်တိုက်မထားဘဲ သရုပ်ဆောင်ရတဲ့ ဇာတ်ဆောင်တစ်ယောက်လိုမျိုး ဖရိုဖရဲနဲ့ ။

လွင်က နေရာတကာမှာ မျက်ရည်တစမ်းစမ်းကျတတ်တဲ့ အသည်းငယ်တဲ့သူလည်းမဟုတ်ပါဘဲ ဒီလူရှေ့ရောက်ရင် လွင့်အ​သွေးအသားထဲကို အားငယ်စိတ်တွေ ဘာဖြစ်လို့ ဝင်ဝင်လာရတာလဲ..။ သူက နည်းနည်းလောက် ဂရုစိုက်ပြီးကြင်နာပြရုံနဲ့ လွင်က ဘယ်လိုသိကျွမ်းမှုမှမရှိတဲ့လူတစ်ယောက်ကို ယုံကြည်ခင်တွယ်မိတဲ့အထိ။ လွင်ကို ဘယ်သူမှမလွှမ်းခြုံရဘူးဆိုပြီး နှလုံးသွင်းထားပါရဲ့နဲ့ ဆလိုင်းအယ်လ်ဗင်ဆိုတဲ့လူ ချဥ်းကပ်လာတာကို မကာကွယ်နိုင်ခဲ့ပြန်ဘူး။ လွင် အဲ့ဒီလူနဲ့စကားပြောနေရရင် လူ့ပတ်ဝန်းကျင်ကို စိုပြေတဲ့အသိုင်းအဝန်းကြီးပါလားလို့ ခံစားလာမိတယ်။

Aries (မိဿရာသီဖွား)တွေက တွေဝေတတ်ကြတယ်တဲ့။ တားရော့ဟောကိန်းတွေမှာ အမြဲလိုလိုတွေ့ရတယ် ။ လွင့်အတွက် မမှန်တဲ့အချက်ပဲလို့ ထင်ခဲ့တာက အခုကျမှ ကွက်တိလာမှန်နေတော့တယ်။ လွင့်အတွက် ဆလိုင်းအယ်လ်ဗင်က လွှင့်ပစ်ရမှာလည်း အဆီတဝင်းဝင်း စားရမှာလည်း သဲတရှပ်ရှပ်ဆိုတဲ့ အမဲသားတုံးကြီးလိုမျိုး ခါးခါးသီးသီးငြင်းဆန်ပစ်ရအောင်လည်း ပြစ်ချက်မတွေ့သလို
.. ဆက်ပြီးတွေ့ဆုံဖို့ကျတော့လည်း လွင့်ရဲ့ခဏတာစိတ်အားကိုးရာအဖြစ် သူ့ကိုအသုံးချမိမှာစိုးရိမ်တယ်။

အဲ့ဒီလိုစိုးရိမ်လို့ မနီးစပ်နိုင်အောင် ကြိုးစားနေပေမဲ့လည်း ဖေ့စ်ဘွတ်မှာတွေ့တိုင်း သွားချင်လိုက်တာလို့ တေးထားတဲ့နေရာကို ခေါ်သွားမိပြီး တစ်ယောက်ကိုတစ်ယောက် လေ့လာတဲ့အဆင့်ထိ ရောက်သွားတယ်။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now