11 (U+Z)

1K 156 19
                                    

မီးလောင်တော့မလိုမျိုး ရဲတောက်နေတဲ့ ပင်လယ်စာမီနူး ခေါက်ဆွဲပြုတ်ပန်းကန်ကြီးက စားပွဲအလယ်မှာ ခန့်ညားလို့နေတယ်။ ငရုတ်သီးအနှစ်ရဲ့ရနံ့က ရှူကြည့်စရာမလိုဘဲနဲ့ အနံ့ခံအာရုံကို သိမ်းပိုက်သွားတယ်။ ပုစွန်တုပ်ကွေးကွေးနဲ့ ရေဘဝဲလက်ချောင်းများကလည်း ခေါက်ဆွဲပြုတ်ပန်းကန်ကြီးရဲ့ ဆွဲဆောင်မှုဖြစ်စေတယ်။ ခေါက်ဆွဲပန်းကန်ကိုကြည့်ရင်း ကြည့်ရင်းနဲ့ တံတွေးမျိုချလိုက်ရတယ်။ စပိုက်စီကိုမှ လေးဆဆိုတော့ ဒီလိုမျိုးနီရဲနေသင့်တာပေါ့ ။

လွင်ကတော့ ခေါက်ဆွဲပြုတ်ဆိုရင် အဆင်သင့်အထုပ်ကိုပဲ ပြုတ်စားဖြစ်တယ်။ အဲ့ဒါကလည်း လွယ်လွယ်ကူကူ ရေနွေးနဲ့ခေါက်ဆွဲခြောက်ရယ် အဆင်သင့်ပါတဲ့ဟင်းခတ်မှုန့်ရယ် အကုန်ရောထည့်ပြီး ပြုတ်ပစ်လိုက်တာပဲ။ ပိုကောင်းစေချင်တဲ့အခါမျိုးမှာ ကြက်ဥတစ်လုံးဖောက်ထည့်လိုက်တယ်။ အဲ့ဒီလောက်ဆိုရင်ပဲ တော်တော်ဟုတ်နေပြီ။

အခုလို ခေါက်ဆွဲပြုတ်မျိုးဆိုရင် Facebookမှာပဲမြင်ဖူးတာ။ အဲ့ဒီတုန်းကတော့ စားချင်စိတ်လည်းမရှိခဲ့သလို ၊ စားရကောင်းမှန်းလည်းမသိခဲ့။ အစားအသောက်တွေမှာ အာရုံလည်းမရှိ ။ ဆိုင်တွေမှာလည်း တစ်ယောက်တည်းမို့ မထိုင်ဖြစ်ခဲ့။ ပိုက်ဆံခက်ခဲတဲ့ကာလတွေကို ကြုံခဲ့ဖူးလို့ ပိုက်ဆံသုံးဖို့လည်းမရဲဘူး။ လုပ်ခလစာကို LGBTတွေစုဖွဲ့ထားတဲ့ ပရဟိတအသင်းတစ်ခုမှာ လစဥ်အလှူငွေထည့်ပြီးရင်...စားစရိတ်နုတ်ပြီး ခရီးထွက်ဖို့နဲ့ အိမ်လခပေးဖို့အတွက် ပိုက်ဆံစုနေရလို့ တခြားပိုက်ဆံထွက်ပေါက်ဆိုလို့ တစ်လကို ဝတ္ထုစာအုပ် နှစ်အုပ်သုံးအုပ် ဝယ်ဖြစ်တာပဲရှိတယ်။ ကော်ဖီပါကင်တစ်ထုပ်နဲ့ သကြားလုံးတစ်ထုပ်ဝယ်ထားလိုက်ရင် မုန့်ပဲသရေစာက တစ်လစာဖူလုံနေပြီ။ မောင်ရှိရင်သာ..

ဘာပဲဖြစ်ဖြစ် မောင်နဲ့အတူမရှိတာက ကြာနေပြီပဲ။ မတွေးနဲ့တော့ မတွေးနဲ့တော့..။

"မိနစ် စပြီး ရေတွက်လို့ရပြီလားရှင့်..''

ဝန်ထမ်းကောင်မလေးက ဖုန်းကိုကိုင်ပြီး မေးလိုက်တော့မှ တူနှစ်ချောင်းကိုတစ်ဖက် ဇွန်းတစ်ချောင်းကိုတစ်ဖက် ကောက်ကိုင်မိတယ်။ ခေါက်ဆွဲပြုတ်ပန်းကန်ကြီးဟာ ပန်းတိုင်ဖြစ်ပြီး ခေါက်ဆွဲနဲ့ပင်လယ်စာများဟာ ပြေးလမ်းဖြစ်သွားတယ်။ ပြေးရမယ့်သူကတော့ လွင်နဲ့ အယ်လ်ဗင်ဆိုတဲ့လူ။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now