19 ( U+Z)

753 112 16
                                    

လူတွေရဲ့စိတ်ဟာ မရွေ့လျားဘဲ ငြိမ်သက်နေရင် ရေသေဆန်တယ်။ တချို့ကတော့ ရေသေကို သန့်စင်တယ်လို့ထင်ကြတယ်။ ဘာကြောင့်လဲလို့ မေးလိုက်ရင် အညစ်အကြေးတွေ အနည်ထိုင်နေလို့ဆိုပြီး ဖြေကြလိမ့်မယ်ထင်တယ်။ အနည်ဆိုတာမျိုးက လှုပ်ရှားရင် ပြန်ရုန်းထလာတတ်တယ်။ အဲ့ဒါကြောင့် လူတွေရဲ့စိတ်က ရေရှင်ဆန်စွာ အမြဲတမ်း ရွေ့လျားစီးဆင်းနေဖို့ကောင်းတယ်။ အကွေ့အဝိုက် အကျဥ်းအမြောင်း အတိမ်အနက်တွေကို ကြုံဖူးရမယ်။ ရေစီးကြောင်းလမ်းမှာ အညစ်အကြေးတွေကို သယ်ဆောင်သွားပြီး ထားသင့်တဲ့နေရာမျိုးမှာ ထားပစ်ခဲ့မယ်။ တစ်စုံတစ်ရာက လှုပ်ရှားစေမှာကို စိုးရိမ်စရာမလိုဘဲ ရှိရင်းစွဲ လှုပ်ရှားနေရတဲ့ ရေရှင်မှာ ဝန်မပါဘူး။

အဲ့ဒီသဘောကို လွင်နားလည်သွားမှတော့ ဆလိုင်းအယ်လ်ဗင်ဆီ ယိမ်းချင်နေတဲ့စိတ်ကို လွှတ်ပေးလိုက်တယ်။ ခံစားချက်တွေက စီးဆင်းချင်တယ်ဆိုရင် စီးဆင်းကြတာပေါ့ ။

မနက်ပိုင်းဆိုရင် ဟိုတယ်မှာ Gym ကစား, နေ့ခင်းဆိုရင် ဟိုတယ်မှာ ရေကူး, ညနေဆိုရင် ဟိုတယ်နားက ကားဂိတ်မှာရှိနေတဲ့လူကို လွင် စိတ်ရှုပ်ရမယ့်အစား ရယ်ချင်မိတယ်။ သိကြားမင်းဆင်းတားရင်တောင် 'အေးဆေးပေါ့သိကြားမင်းရယ်'လို့ပြောပြီး လုပ်ချင်ရာလုပ်နေဦးမယ့် ပုံစံမျိုး ။

ဟိုတယ်ကိုရောက်ရင်လည်း Lobbyရဲ့ ဧည့်သည်ထိုင်ခုံမှာ တစ်နာရီလောက်တော့ အချိန်ဖြုန်းပြီ။ Reception မှာရှိတဲ့ ကလေးမတစ်အုပ်ကတော့ အဲ့ဒီလူကိုကြည့်ပြီး မျက်စိပဒေသာဖြစ်တယ်ဆိုပဲ။ ဟိုတယ်မှာအလုပ်လုပ်ခဲ့တဲ့ ကာလတစ်လျှောက် အတောက်ပဆုံးနေ့တွေလို့တောင် ပြောကြသေးတယ်။ လွင်ကတော့ သူ့အရပ်နဲ့သူ့ဇာတ် စည်းဝါးကိုက်တာကို အံ့ဩနေမိတယ်။

ဖြတ်သန်းလာရင်းနဲ့ ခံစားသိခဲ့ရတာက စိုက်ပျိုးနည်းအကြောင်း..။ ပန်းပွင့်မြင်ချင်ရင် ပန်းပင်ကို အရင်စိုက်ရသလိုမျိုး..။ တကယ်တော့ ချစ်ခြင်းမေတ္တာရဲ့သဘောဟာ ရိုးရှင်းပါတယ်။

" ခင်ဗျား မပြန်ရသေးဘူးလား..''

ကြေးအိုးဆီချက်ကို အထက်အောက်နှံ့အောင် တူနှစ်ချောင်းနဲ့ လှန်လှောနေရင်းမေးလိုက်တော့ ကြေးအိုးဆီချက် ပါးစပ်ထဲသွင်းနေပြီဖြစ်တဲ့သူက ခေါင်းခါပြတယ်။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now