37 (U+Z)

1K 137 13
                                    

တိမ်းညွတ်ခြင်းကြောင့် -37

Terminal ထဲကထွက်ပြီး လေယာဥ်ကွင်းရဲ့ကားပါကင်မှာ ကားသွားထုတ်တော့ မိုး တစ်ဖြောက်နှစ်ဖြောက်ကျနေပြီ။ မိုးရွာမယ့်ဟန်ရေးပြင်ထားတဲ့ ကောင်းကင်တစ်ခွင်မှာ တိမ်စိုင်တွေက အုံ့မှိုင်းမှိုင်း။ လေယာဥ်ကွင်းနဲ့ ကိုယ်နေတဲ့အဆောင်က သိပ်မဝေးပေမဲ့ အဆောင်ကိုရောက်တဲ့အချိန်ကျတော့ မိုးပေါက်လေးတွေဟာ ငြိမ်သွားတယ်။ သည်းကြီးမည်းကြီး မိုးရွာချရင် ကောင်းမှာပဲဆိုပြီး တွေးထားလို့ မိုးအရိပ်အခြေ ချက်ချင်းပျောက်သွားတာကို သိပ်အလိုမကျဖြစ်ရတယ်။

ရွာမလိုနဲ့ မရွာတော့တဲ့ မိုး... ရောက်လာမလိုနဲ့ ပျောက်သွားတဲ့  လွင်ပြင်သစ်...။ ခြားနားခြင်းဆိုလို့ မိုးဟာ ကမ္ဘာမြေရဲ့ရာသီဥတုဖြစ်ပြီး လွင်ပြင်သစ်က ကိုယ့်နှလုံးသားရဲ့ရာသီဥတုဖြစ်နေတာပါပဲ။

လတ်တလောမှာတော့ ကိုယ့်ရဲ့နှလုံးသားအပေါ်ကို အပူလှိုင်းဖြတ်သန်းနေပြီ။

ရန်ကုန်မှာ ခဏနားရတဲ့အခါ လွင်ကလေးရဲ့တိုက်ခန်းကို သွားကြည့်ပေမဲ့ ပိတ်ထားတဲ့တံခါးကို ကြည့်ပြီး ပြန်လာခဲ့ရတယ်။ လွင်တို့တိုက်ရဲ့ မြေညီထပ်မှာမုန့်ဆိုင်ဖွင့်ထားတဲ့ ဆိုင်ရှင်အန်တီရဲ့ ပြောစကားအရဆိုရင် လွင်ကလေး တိုက်ခန်းကို ပြန်မလာဘူးတဲ့ ။ ဟိုတယ်မှာစုံစမ်းကြည့်တော့ အလုပ်ကို အကြောင်းမကြားဘဲ ခွင့်မဲ့ပျက်ကွက်တာ ဖြစ်နေတယ်။ သိလိုက်ရတာဆိုလို့...လွင်ပြင်သစ် မိုးသောက်သော် Sarah တို့သုံးယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ရေးသတင်း ထွက်လာတဲ့နေ့မှာ လွင်နဲ့ ဟိုတယ်ရဲ့ဝန်ထမ်းမန်နေဂျာတို့ ရန်ဖြစ်ကြတဲ့ကိစ္စပဲရှိတယ်။ အဲ့ဒီထက်ပိုပြီး သိချင်ပေမဲ့ သိစရာမရှိတော့ ။

ရဲစခန်းကို လူပျောက်တိုင်ဖို့သွားဖြစ်ပေမဲ့ ဒုရဲအုပ်က ​လွင်ပြင်သစ်ကို သူ့မိဘတွေနဲ့ရော  အဆက်အသွယ်မရဘူးလားလို့ မေးတဲ့တစ်ခွန်းမှာ ပြန်ပြောစရာစကားမရှိဘဲ ပြန်လာခဲ့ရတာပဲ အဖတ်တင်တယ်။ တော်စပ်မှုက အဲ့ဒီလောက်အရေးပါမှန်း ကြိုစဥ်းစားခဲ့မိရင် လွင်ပြင်သစ်ကို သားအဖြစ် မွေးစားပစ်လိုက်တယ်။ အခုတော့ ခင်ဗျား လိပ်စာမသိတဲ့ သူ့မိဘအိမ်ကို ပြန်သွားတာလည်းဖြစ်နိုင်တာပဲဆိုပြီး စိတ်သောကတွေအပေါ်မှာ ဒုရဲအုပ်က နောင်တတွေဖြူးပေးတာကို ခါမချနိုင်ခဲ့ဘူး။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now