34 (U+Z)

1.2K 126 12
                                    

တိမ်းညွှတ်ခြင်းကြောင့် 34

မနက်ခင်းနဲ့ညဘက်မှာပဲ အများဆုံးလှုပ်ရှားမှုရှိတဲ့ အားကစားကလပ်ထဲမှာ အဆူညံဆုံးကတော့ ဖူဆယ်ကွင်း။ အားကစားကလပ်ထဲ ကိုယ်ရောက်သွားတော့ ဖူဆယ်ကွင်းဘက်မှာ ကစားတဲ့သူနဲ့ ထိုင်ကြည့်တဲ့သူတွေရှိတယ်။ လူကြိုက်အများဆုံး အားကစားက ဘောလုံးကစားနည်းဆိုတော့ ဖူဆယ်ကန်ချိန်ဆိုရင် အားပေးတဲ့သူတွေကလည်း ရှိပြီးသား ။ ကိုယ်တို့ ဘောလီဘောမှာတော့ ကိုယ်ပဲကစားသမား ၊ ကိုယ်ပဲပရိသတ်။ ဝါသနာပါတဲ့သူတချို့ လာထိုင်ကြည့်တတ်ပေမဲ့ အနည်းငယ်သာ။

ဘောလီဘောကစားတဲ့ဘက်ကို ကိုယ်ရောက်ချိန်မှာ ဘောလီဘောကစားဖို့ ချိန်းထားတဲ့လူတွေထဲမှာ လေးယောက်က ရောက်နှင့်နေပြီ။ သွားနောက် စားနောက် သေရင်အရှေ့ကဖြစ်မယ့်ကောင်တွေကို စောင့်ရင်း...''မင်းတို့ မရောက်သေးဘူးလား''ဆိုပြီး ဖုန်းဆက်ခေါ်တော့ အခုပဲ ဈာန်နဲ့ကြွလာလို့ ဝုန်းခနဲပြုတ်ကျတော့မလို ပြန်ဖြေနေကြပေမဲ့ ဒီကောင်တွေ ထပ်ကြာမယ်မှန်း စောင့်နေရတဲ့ ကိုယ်တို့တွေ သဘောပေါက်ရလေပြီ။

တကယ်တော့....၈နာရီမှာဆုံကြမယ်လို့ချိန်းထားရင် ၉နာရီမှ လူစုံတာကို ကိုယ်တို့တွေ သိတယ်။ အိမ်မှာ မိန်းမက နားဆူအောင်လုပ်လို့ ကြိုထွက်လာတဲ့လူနဲ့ အိမ်မှာနေရတာ ပျင်းလို့ ကြိုထွက်လာတဲ့လူဆိုပြီး အဲ့ဒီနှစ်မျိုးပဲ ကွာခြားတယ်။ ဝီရိယကောင်းလို့ အရင်ကြိုရောက်နေကြတာ မဟုတ်ဘူး ။

ကိုယ်လည်း အိမ်မှာနေရင် ငြီးငွေ့လို့ အားကစားကလပ်ကို အရင်ကြိုရောက်နေတဲ့သူ ။ ပြီးတော့မှသာ... ဖုန်းတစ်လုံးနဲ့ ဟိုကောင်နောက်ကျတယ် ဒီကောင်နောက်ကျတယ်ဆိုပြီး သက်သက်အပြစ်ပြောချင်လို့ကို အပြစ်ထိုင်ပြောနေတာ။

အရင်တုန်းက ကိုယ်ဟာ ဒီလောက် ငြီးငွေ့တတ်တဲ့သူ မဟုတ်ခဲ့ဘူး။ အခုကတော့ နေရင်းထိုင်ရင်း အထီးကျန်နေရတာ။ လွမ်းရသလို တမ်းတရသလိုနဲ့ ကောင်းကိုမကောင်းဘူး။

ဒီရက်ထဲမှာပဲ Airline မှာ အလုပ်ပြန်ဝင်တဲ့အခါ ကိုယ့်ဘက်ကပေးရမယ့် စာရွက်စာတမ်းတွေ ၊ ဆေးစစ်ချက်တွေကို အကုန်စီစဉ်ပြီးလို့ ကိုယ့်ရဲ့အချိန်တွေက အားလပ်နေတယ်။ အဲ့ဒီအားလပ်ချိန်တွေကို ပိုပြီးအားလပ်နေတယ်လို့ ခံစားရအောင်လုပ်ပေးသူကတော့ လွင်ပြင်သစ်။ တိုကျိုမသွားခင်တစ်ရက်ကို မရောက်သေးသရွေ့ လုံးဝလာမတွေ့ပါနဲ့တဲ့။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now