ဘယ်လိုပဲစဥ်းစားစဥ်းစား လွင်ကလေးက ကိုယ့်ကို သရေကွင်းလိုမျိုး ဆန့်လိုက်ရှုံ့လိုက်လုပ်နေတာ သေချာတယ်။ အဲ့ဒါမှမဟုတ်ရင်တော့ လွင့်ရဲ့စိတ်က ကိုယ်နဲ့ပတ်သတ်လာရင် သရေကွင်းဖြစ်သွားတာပဲနေမယ်။ မျက်နှာချင်းဆိုင်တွေ့နေရရင် အဆင်ပြေနေပေမဲ့ ကျောခိုင်းလိုက်တာနဲ့ အဆင်မပြေတော့ဘူး။
လွင့်ကိုနွှယ်တဲ့ကြောင့်ကြစိတ်ကို ဖယ်ရှားဖို့အတွက် သဲအိတ်ကို လက်သီးငါးချက် ဆက်တိုက်ပစ်ထိုးလိုက်တော့ သဲအိတ်ဟာ လေထဲမှာ ယမ်းခါသွားတယ်။ လက်မောင်းကြွက်သားတွေ တောင့်တင်းတဲ့ခံစားချက်ကို ဂရုမစိုက်ဘဲ နောက်ထပ် ဆင့်ပြီး လက်သီးချက်များစွာထိုးမိတယ်။ လက်မမြှောက်နိုင်အောင် ပင်ပန်းသွားမှ လက်အိတ်ကို ချွတ်ချပြီး ကြမ်းပြင်ပေါ်လှဲပစ်လိုက်ရတယ်။ ချွေးသီးတွေဟာ ပုရွက်ဆိတ်လေးတွေ လျှောစီးနေကြသလိုမျိုး အရေပြားပေါ်မှာစီးဆင်းနေပေမဲ့ လက်ပန်းကျသွားတဲ့ခန္ဓာကိုယ်က ငြိမ်ကျသွားတယ်။
တစ်ပါးသူကို ချစ်မပြေသေးသောသူရဲ့ နှလုံးသားကိုမှ ချစ်မက်ရခြင်းဟာလည်း ညှင်းပန်းနှိပ်စက်မှုပဲဖြစ်တယ်။ အသက်အရွယ်နဲ့ဖြတ်သန်းလာတဲ့နေ့ရက်တွေကို အကြောင်းပြုပြီး အတွေးလမ်းကြောင်း မတိမ်းစောင်းဖို့ သတိချပ်ထားသည့်တိုင် လွင့်ရဲ့ဂယက်ရိုက်နေတဲ့တုံ့ပြန်မှုတွေကိုမြင်ရင် အနည်းငယ်တော့ ယိုင်ရတယ်။
"ဘယ်လိုလဲ...အသက်ကြီးမှ ဝက်သက်ပေါက်တော့ ပိုပြီးခံရခက်တယ်မလား..''
"ချီးကို ဝက်သက်။ သွားစမ်းကွာ...သွားစမ်း..''
တစ်ယောက်ယောက်က စကားရှည်မှာကို သည်းမခံနိုင်လို့ ကိုယ့်အိမ်ထဲမှာနေတာတောင် အိမ်တိုင်ရာရောက်စနစ်နဲ့ အချဥ်ဖောက်တဲ့ကောင်က ရှိသေးတယ်။ ဘေးသူစိမ်းတော့ မဟုတ်ဘူး။ တစ်အူထုံဆင်းနောင်တော်အရင်း။ ကိုယ့်ဘာသာလည်း အေးဆေးမနေနိုင်ကြဘူး။ သူ့မိန်းမ ဧဝရဲ့ခေါက်ဆွဲဆိုင်မှာ လွင့်ကိုခေါ်ပြီး ခေါက်ဆွဲစားဂိမ်းစီစဥ်ပေးမိတာကိုက ကိုယ့်ရဲ့ဧကအမှား။ အဲ့ဒီနေ့ကစလို့ ကိုယ့်ကိစ္စကို ပုံစံအမျိုးမျိုးနဲ့လာပြီး တီးခေါက်နေတော့တာပဲ။