Part 9 (Uni)

952 149 48
                                    

မိမိ၏ရှေ့တွင် မလှုပ်မယှက်နှင့် ဒီအတိုင်း ငုတ်တုတ်ထိုင်နေသော ထိုကောင်လေးကိုကြည့်ပြီး ခက်သျှား စိတ်ရှုပ်နေမိ၏။

''ကျေးဇူးပါပဲကွာ'' ဟု ပြောပြီး အိမ်ပေါ်မှ ကသုတ်ကရိုက်ဆင်းသွားသည့် ဂိတ်မှူးသည် သူ၏ ဆွေမျိုးရင်းချာတစ်ယောက်လိုဖြစ်နေသောသူကို တစ်ခြားသူ၏အိမ်ပေါ်တွင် နင်နေတော့ငါသွားတော့ ပုံစံမျိုးဖြင့် ထားသွားခဲ့သည်။

အဆင်မပြေရင် ကားပေါ်မှာပဲ အိပ်မည်ဟုဆိုသောသူကလည်း ကျောပိုးအိတ်တစ်လုံးထဲတွင် ထည့်လာပိုင်ဆိုင်သမျှအရာ အားလုံးကိုထည့်လာသည့်နှယ်။ ခွင့်ပြုချက်ရသည်နှင့် တစ်ခါတည်း တန်းနေရစ်ခဲ့သည်။ ပြင်ဆင်ချိန်လေးပင် မပေး။

ယောကျ်ားလေးတစ်ယောက်တည်း နေချင်သလိုနေထိုင်သည့်အိမ်တွင် အခြားယောကျာ်းလေးတစ်ယောက်လာနေဖို့ရာ ပြဿနာတစ်စုံတစ်ရာမရှိပေမယ့် အိမ်ရှင်ပီပီ နည်းနည်းလေးတော့ ဟန်ကိုယ်ဖို့ ရချင်မိသေးသည်။ သို့သော်မဖြစ်နိုင်တော့။

ကျောပိုးအိတ်ကို ရင်ခွင်ထဲထည့်ကာ ကျစ်ကျစ်ပိုက်ထားပြီး အေးအေးလူလူထိုင်နေသည့်သူက အိမ်ပေါ်ရောက်နှင့်နေပြီးခဲ့ပြီ။

နယ်ကလာသည်ဟုသာဆိုသည်။ ဘယ်နယ်က လာလို့လာမှန်းလည်းမသိ။ ရုပ်ရည်ကြန်အင် လက္ခဏာကလည်း နယ်ရုပ်မထွက်။ ဖြူဖွေးကြည်စိမ့်နေသည့် အသားအရည်နှင့် မိန်းမကြိုက်ရုပ်ရည်မျိုးဖြစ်ပြီး အရပ်အမောင်းက အတော်အသင့်ရှည်သည်။

မျက်လုံးမျက်ဖန်လှသလို စိမ်းဖန့်ဖန့်တန်းနေသည့် မျက်ခုံးရိုးနှင့် ချွန်မြနေသည့် နှာခေါင်းသည် အနည်းငယ်ထူသော နီစွေးစွေးနှုတ်ခမ်းသားတွေကို ပို၍ ထင်ပေါ်စေသယောင်ရှိ​နေ၏။

လက်တိုရှပ်အင်္ကျီအကွက်စိပ်ကို ပုဆိုးတစ်ထည်နှင့် တွဲဖတ်ဝတ်ဆင်ထားသော်လည်း ဝတ်ထားသည့် အင်္ကျီသည် မြင်ဖူးနေကျ ၊ ဝတ်ဖူးနေကျ စျေးထဲမှဖလန်ထည်အကွက်များနှင့်မတူဘဲ အသားကောင်းသလိုပင်၊ တံဆိပ်ကောင်းကောင်းထဲက ဟု ယူဆရသည်။

ဘယ်လိုနယ်ကများ လာတာပါလိမ့်။

ခက်သျှားတစ်ယောက် ယခုမှ တွေ့ဖူးမြင်ဖူးသည့် တခြားလူတစ်ယောက်ကို သတိသက်လွတ်ဖြင့် အသေးစိတ်ငေးနေရင်းနှင့် အတွေးတချို့ လွန်နေမိသည်။ ခဏအကြာမှာတော့ သတိပြန်ဝင်လာပြီး မိမိကိုယ်မိမိ ကိုယ်ရှိန်သတ်ကာ ထိုကောင်လေးကို စတင်မေးခွန်းထုတ်လိုက်ပါတော့၏။

A Story of 2000sWhere stories live. Discover now