Part 28 (Uni + Zawgyi)

802 102 110
                                    

ဟက်ဟက်ပက်ပက်ရယ်မောနေသော ခက်သျှားကိုကြည့်ရင်း သက်ထားတစ်ယောက် စိတ်ထဲကြိတ်ကာ ရင်မောနေမိပါ၏။

ထင်းမီးရောင်ဟပ်နေသောကြောင့် မျက်နှာထက်မှ ခံစားချက်တွေအားလုံး လူမြင်သူမြင် အထင်းသားဖြစ်နေသည်ကို ခက်သျှားသိပါလေစ။

ဂရုတစိုက် လိုက်ကြည့်နေခဲ့သည် မဟုတ်သော်ငြား ခါတိုင်းမြင်နေကျ မျက်နှာထက်မှ ပြောင်းလဲသွားသော အရိပ်အချည်ကို အသက်သုံးဆယ်နားကပ်နေသော မိန်းမတစ်ယောက်အနေဖြင့် ကောင်းကောင်းအကဲခတ်တတ်ပါသည်။

အရောင်လဲ့နေသည့် မျက်ဝန်းတွေထဲ ပြည့်နှက်နေသည့် အချစ်ရိပ်တွေကိုမြင်နေရသည်မှာ ရက်ပေါင်းမနည်းရှိသွားပြီဆိုပေမယ့် ဒီကနေ့မှ ပို၍ တောက်ပနေခဲ့သည်ထင်။ အားပါးတရ ရယ်မောလိုက်တိုင်းမှာလည်း နံဘေးက ကောင်လေးထံသို့ အကြည့်တွေရောက်ရောက်သွားတတ်ပါသေးသည်။

ပုခုံးချင်းတိုက်မနာအောင် တွန်းတိုက်လိုက်၊  လက်ချင်း မထိမထိအောင် အနားကပ်လိုက်နှင့် ထိုကောင်လေးနား အရိပ်တကြည့်ကြည့်ဖြစ်နေပါသော ခက်သျှားကို ဒါဟာ ခရေပင်တန်းက လူ့ဂွစာမောင်မောင်ခက်သျှားပါဟု ဘယ်လိုလက်ညှိုးထိုးပြ၍ ရနိုင်တော့မည်လဲ။ တစ်ချက်တစ်ချက် ခက်သျှားမဟုတ်တော့သလိုမျိုး နူးညံ့လာခဲ့သည်က အကြောင်းပြချက် ခိုင်ခိုင်လုံလုံရော ရှိပါရဲ့လား။

ဟင်း...။

ပူးပူးကပ်ကပ်ဖြစ်နေကြသည့် ခေါင်းနှစ်လုံးကို မျက်စိထဲမြင်ယောင်မိလေတော့ သက်ပြင်းကိုသာ ခပ်နာနာလေးထပ်ချမိပါ၏။ မရည်ရွယ်ပေမယ့် ခဏမျှကြောင်ကာကြည့်သွားမိသည်အထိဖြစ်ရခြင်းမှာ
တစ်သက်နှင့်တစ်ကိုယ်မမြင်ခဲ့ဖူးသော မြင်ကွင်းကြောင့်လေလား ဒါမှမဟုတ် ခက်သျှားနှင့်ထိုကောင်လေးဆိုသော အသိကြောင့်လေလား ကွဲကွဲပြားပြားသေချာမသိပေ။

တဲ့တိုးမေးကြည့်လိုက်ရန် ကြိုးစားမိပါသေးသည်။ ခက်သျှားရင်ထဲ ဘယ်လိုဖြစ်နေသည်လဲကို အတိအလင်းသိချင်မိပါ၏။ တကယ်တမ်းကျ စိတ်သာရှိခဲ့ပြီး မေးစရာပင် မလိုအောင် သိသာနေသော ခက်သျှား၏ အပြုအမူတွေက သက်သေပင်ဖြစ်လေသည်။

A Story of 2000sOnde histórias criam vida. Descubra agora