ပေနှစ်ဆယ်ပတ်လည် ခြံဝင်းလေးက သိပ်မကျယ်ပေမယ့် တစ်ကောင်ကြွက် လူတစ်ယောက်အတွက် လွတ်လွတ်လပ်လပ်နေထိုင်၍ရသော အကျယ်အဝန်းတစ်ခုဖြစ်သည်။
ဘေးတစ်ဖက်တစ်ချက်စီတွင် သုံးပေစီ ချန်ကာ အလယ်တွင် ပျဥ်ထောင်အိမ်လေးတစ်လုံးကို ခိုင်ခိုင်ခံ့ခံတည်ဆောက်ထားသည့် သွပ်မိုးအိမ်လေးတစ်လုံးကတော့ အလယ်တွင် တောင့်တောင့်တင်းတင်းလေး ရှိနေ၏။
အိမ်ရှေ့မျက်နှာစာကို ရေနံချေးရွှဲရွှဲသုတ်ထားပြီး တစ်ပေါက်တည်းသော ပြတင်းပေါက်ကိုမူ အဖြူရောင် သင်္ဘောဆေးလေးသုတ်ထားသည်။ အိမ်ရှေ့တံခါးမ ပေါက်ကိုလည်း ထိုနည်းလည်းကောင်းပင်။
ခြံပတ်ချာလည်တွင် ပေါက်နေသည့် ပုံဏ္ဍရိတ် အပင်ပုလေးများသည် ခြံစည်းရိုးသဖွယ်ညီတန်းစွာရှိနေကြသည့်အတွက် အထူးတလည် ခြံခတ်နေစရာပင်မလို။ ခိုးသူမရှိ ဝှက်သူမရှိ၊ ငြိမ်းအေးလှသည့် ခရေပင်တန်း ရပ်ကွက်လေးတွင် တစ်အိမ်နှင့်တစ်အိမ် ဖြတ်သန်းသွားလာဖို့ရာ တံခါးမလို ဓားမလိုပေ။
''ဂလောက်...''
အိမ်တံခါးမ၏ မင်းတုံးကို ဆွဲဖွင့်လိုက်ပြီး တံခါးနှစ်ချပ်ကို ရင်ကွဲအောင် ဖွင့်လိုက်ကာ အိမ်ထဲသို့ လှမ်းဝင်လိုက်သည့်အခါမှာတော့ ရှုပ်ပွနေသော အဝတ်ဟောင်းနှင့် ပွစာကြဲနေသော စာအုပ်များက ကြိုဆိုနှင့်သည်။
မနက်သွား ညနေပြန် လက်လုပ်လက်စားဘဝပေမို့အိမ်၏ ဝေယျာဝေစ္စများကို စနစ်တကျနှင့် သန့်ရှင်းနေဖို့ရာ အချိန်မပေးနိုင်။ ဖြစ်သလိုစား ကြုံရာစားနှင့် အိမ်ဆိုသည်မှာ ညဘက်ကျောချရာ နေရာတစ်ခုထက် ဘာမှမပိုခဲ့ချေ။ မိသားစုဆိုသည့် စကားစု တစ်စု လစ်ဟာနေခဲ့သော သူများတွင်ဖြစ်သည်။
ခြေချစရာနေရာပင်မရှိအောင် ရှုပ်ပွနေသည့် အဝတ်ဟောင်းတွေကို ခြေနှင့်ဟိုကန် ဒီကန်ထုတ်ကာ အရင်ဆုံးပြုလုပ်ရသည်က အိမ်နောက်ဖေး မီးဖိုချောင်ဆီသို့ သွားရခြင်းပင်။
ယခင်နေ့များက အိမ်အပြန်စောပေမယ့် ဒီကနေ့တွင် ဂိတ်မှူးနှင့် စကားများနေခြင်းကြောင့် အိမ်အပြန်နောက်ကျရခြင်း...ထိုအရာ၏အကျိုးဆက်က ညနေစာ မစားခဲ့ရခြင်းပင်။

KAMU SEDANG MEMBACA
A Story of 2000s
Romansa၂၀၀၀ခုနှစ်ရဲ့ နေ့ရက်များဆီမှာလည်း ပုံပြင်တချို့ရှိခဲ့ဖူးပါတယ်။