Part 12 (Uni)

926 132 102
                                    

''ရတုရဲ့ သတင်း ဘာကြားထားတာရှိသေးလဲ မစောရုံ''

ထမင်းစားခန်းထဲသို့ဝင်လာပြီး စားပွဲဝိုင်းတွင် ကျကျနနထိုင်လိုက်ကာ မေးခွန်းထုတ်လိုက်သော ဒေါ်တင်မမက လှလှပပ ကြွကြွရွရွလေးရယ်ပါ။

ဆံပင်၊ မိတ်ကပ်မှ အစ၊ ခြေသည်းလေးတွေထိ အလှတန်ဆာဆင်ထားတတ်သည့် ဒေါ်တင်မမဆိုသည်မှာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကြီးတစ်ယောက်ဟု လူအများက သိထားကြသော်လည်း အသက်အရွယ်အားဖြင့် လေးဆယ်ငါးနှစ်လောက်သာ ရှိသေးသောသူတစ်ယောက်သာဖြစ်ပါ၏။

ရာထူး၊ အာဏာ၊ ပါဝါများကြောင့်သာ တလေးတစားဖြင့် ဒေါ်ဟု တပ်သုံးနေရခြင်းဖြစ်ပြီး ဒေါ်တင်မမကိုယ်တိုင်ကလည်း သူ့ကိုယ်သူ ဟိတ်ကြီးဟန်ကြီးဖြင့်နေထိုင်ရသည်ကို ကြိုက်နှစ်သက်သောသူလည်းဖြစ်၏။

''ဟို...မကြားမိပါဘူး မမလေးရယ်''

ဒေါ်စောရုံက ဒေါ်တင်မမအတွက် ထမင်းပွဲပြင်ပေး​နေရင်းမှ ငြင်းဆန်လာသည်။

ဟုတ်လို့လားဟူသော မျက်လုံးများဖြင့် လှန်ကြည့်ခြင်းကိုခံလိုက်ရသော်လည်း ဒေါ်စောရုံက မသိလိုက်ဘာသာပြုကာ ဒေါ်တင်မမကြိုက်တတ်သော ဟင်းပန်းကန်များကို ရှေ့သို့တိုးပေးလာ၏။

''ဒါ ငါးသလောက်ဥလေးကို ခရမ်းချဥ်သီးလေးနဲ့ ခြော
က်နေအောင် ချက်ထားတာ မမလေး၊ စားကြည့်ပါဦး''

သူမ ကြိုက်နှစ်သက်တတ်သော အစားအစာလေးများကိုမြင်လျှင် ကျေနပ်တတ်သည့် ဒေါ်တင်မမ၏မျက်နှာသည် ယခုလည်း ဝင်းပလျက်ရှိနေပါသည်။

လူ့အကြိုက်ကို ဆောင်ရသည်က တကယ်တော့ပင်ပန်းလှသည့်အရာမဟုတ်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးဟု ဆိုကြပေမယ့် အချိုကြိုက်သူကို အချိုကျွေး၍ အခါးကြိုက်သူကို အခါးပေးနိုင်ခြင်းက လူနေမှုဘဝတွင် သိပ်ကိုကောင်းမွန်သော လိုက်လျောညီထွေမှု တစ်ခုဖြစ်လေ၏။

ဤအချက်ကို နားလည်သဘောပေါက်ထားသည့် ဒေါ်စောရုံသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ကတည်းက အိမ်ပေါ်သို့ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ရောက်လာသော အသက် ၂၀ ကျော် မိန်းကလေးတစ်ဦးကို ယနေ့ထိတိုင် မျက်နှာမပျက်၊ သဒ္ဓါမပြတ် ပြောဆိုဆက်ဆံနေနိုင်ခဲ့သည်မဟုတ်ပါလား။

A Story of 2000sDonde viven las historias. Descúbrelo ahora