Part 3 (Uni)

1.1K 163 34
                                    

ပွင့်သစ်စမနက်ခင်းကို နေရောင်ခြည်နုနုလေးများက ကြိုဆိုနေကြသလို ဟိုအပင် ဒီအပင် ခုန်ကူးကာဖြင့် မနက်အစောကြီး အစာရှာထွက်နေကြသော ငှက်ကလေးများ၏ အသံက သာယာစွာထွက်ပေါ်နေကြ၏။

လေ့ဝှေ့တစ်ချက်တွင် ​ပြိုက်ခနဲကြွေကျလာသည့် ခရေပန်းပွင့်များသည် ဖွဲဆုပ်ကျဲချထားသကဲ့သို့ လမ်းတစ်လျှောက်လုံးတွင် ဖွေးဖွေးလှုပ်နေ၏။

အစောကြီးထသည့်ငှက်က အစာဝသလို အစောကြီးထသည့် ခရေပန်းကောက်သည့် ကလေး၊ လူကြီး အစရှိသည့်တို့သည်လည်း ခရေပင်ကြီးများ၏အောက်တွင် မနက်ခင်းအစောပိုင်းကတည်းက လှုပ်လှုပ်ရှားရှားရှိနေကြသည်။

ကိုယ်တိုင်ဆင်းကောက်ကာ သီကုံး၍ ဘုရားတင်၊ ပန်းပန်ပြုလုပ်၍ရသော်လည်း ဝမ်းဆာအတွက်ရုန်းကန်နေရသူတို့အဖို့ အဆင်ပြေစေရန် အလို့ငှာ မရှိသူမှ အပ ပန်းဆင်းမကောက်ကြပေ။

ခရေပန်း မွှေးမွှေးလေးတွေရမယ် ဟု ​အော်လာမည့် အသံစာစာလေးတွေကိုမျှော်ကာ အခကြေးငွေပေး၍ ဝယ်ယူကြသည်။

ရပ်ကွက်ငယ်လေးတစ်ခုဖြစ်သော်လည်း ဆင်းရဲချမ်းသာ လူသူမရွေးနေထိုင်နိုင်သော နေရပ်တစ်ခုပေမို့ ရောနှောနေသည့် လူတန်းစားအလွှာက စုံလင်လှ၏။

အုတ်တံတိုင်းခတ်ကာ နှစ်ထပ်အိမ်ကြီးဖြင့် နေထိုင်နိုင်သောသူများရှိကြသလို တစ်နေ့လုပ်မှ တစ်နေ့စားရသောသူများလည်းရှိကြသည်။ အစိုးရဝန်ကိုထမ်းကာ လခစားဘဝလေးနှင့် တစ်လလုံးကို အလျင်မီအောင် ခြိုးခြံချွေတာနေရသူတို့လည်းရှိသည်။

မည်သို့ပင်ဖြစ်စေ ဤ ခရေပင်တန်း ရပ်ကွက်လေးထဲတွင် နိုင့်ထက်စီးနင်းခြင်းမရှိ၊ တစ်ဦးကိုတစ်ဦး နှိမ်ချပြောဆိုခြင်းမရှိ။ လက်ငါး​ကြောင်းပင် မပြည့်သော ငွေကြေးချမ်းသာသူအချို့ကလည်း ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေအောင် နေတတ်ကြလေ၏။

ခြုံငုံ၍ ကြည့်ရမည်ဆိုလျှင်တော့ လက်လုပ်လက်စားနှင့် ဝန်ထမ်းများသော ရပ်ကွက်လေးတစ်ခုပင်။

အခြားသော ရပ်ကွက်များကဲ့သို့ လမ်းအရေအတွက်သိပ်မများ။ အိမ်ခြေလည်း အတော်အသင့်မို့ ရပ်ကွက်ထဲတွင် တစ်ခုခုဖြစ်ပြီဆိုပါက သတင်းပျံ့လွယ်သည်။ အတင်းချ၊ စောင်းပြောမြောင်းပြောခြင်းတော့ မဟုတ်။ ဘယ်သူဘယ်ဝါတော့ဖြင့် ဒုက္ခရောက်နေကြောင်း၊ အကူအညီလိုကြောင်းကိုသာ အဓိကထား ပြောဆိုကြခြင်းပင်ဖြစ်လေသည်။

A Story of 2000sTahanan ng mga kuwento. Tumuklas ngayon