Part 23 (Uni)

861 101 52
                                    

၁၉၇၈ နှစ်များ၏ နွေရာသီနေ့ရက်တချို့

သိပ်ကိုကြီးကျယ်ခမ်းနားလှသော သုံးထပ်တိုက်ကြီးရှိရာ ခြံဝင်း၏အရှေ့တွင် အသက်ခပ်လတ်လတ် အမျိုးသမီးတစ်ဉီး မတ်တတ်ရပ်နေသည်မှာ တစ်နာရီသောအချိန်ထက် မနည်းတော့ပေ။

တစ်ပတ်နွမ်းအဝတ်အစားကို ချို့တဲ့စွာ ဝတ်ဆင်ထားပြီး အရောင်ဖျော့တော့နေသော အညိုရောင် မျက်ဝန်းများက လောကဓံ၏ဒဏ်ကို ကြံ့ကြံ့ရင်ဆိုင်ခဲ့ရပုံပင်။ မာန်ဟူ၍ တင်းတင်းစေ့ထားသော နှုတ်ခမ်းများသာ ကျန်တော့၏။

"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ အစ်မလေး"

ခပ်ကျဲကျဲနေရောင်အောက်တွင် အဆောင်းမပါ ဘာမပါနှင့် ရပ်နေသည်ကို အားနာပုံရသည့် ခြံစောင့်မာမူကြီးက ခပ်လှမ်းလှမ်းကနေ ကြည့်ကာကြည့်ကာဖြင့် မနေနိုင်သည့်အဆုံး လာရောက်မေးမြန်းခြင်းဖြစ်ပါ၏။

ခေါင်းကိုသာ ခါယမ်းပြလိုက်ပြီး ခပ်ယဲ့ယဲ့ပြန်ပြုံးပြလိုက်သော အပြုံးများက အားအင်မရှိသည့်နှယ်။

"ဟုတ်ကဲ့ပါ အစ်မလေး၊ မာမူက ဆရာ့ဧည့်သည်ဖြစ်နေမှာစိုးလို့ပါ၊ နို့မဟုတ်ရင် အဆူခံထိမှာ စိုးရတယ်"

အလုပ်ရှင်ကိုကြောက်သူပီပီ တာဝန်ဝတ္တရားရှိသည်ကို မလစ်ဟင်းစေရန်အလို့ငှါ အတည်ပြုချက်ရယူပြီးနောက် ခေါင်းတစ်ညိတ်ညိတ်နှင့် ထွက်ခွါသွားသော မာမူကြီးသည် အလုပ်သမားကောင်းတစ်ယောက်ပင်ဖြစ်ပေသည်။

မိနစ်နှစ်ဆယ်ထက်မနည်းသော အချိန်တစ်ခုမျှ ကြာပြီးသည့်နောက်မှာတော့

"တီ တီ တီ"

ဟွန်းသံနှင့်အတူ ထိုခြံဝင်း၏ရှေ့သို့ ဆိုက်ရောက်လာသော ဇိမ်ခံကားတစ်စီး။ မြန်မာပြည်တွင် လက်ချိုးရေတွက်၍ရသည် အထိ အရေအတွက်နည်းပါးလှသော ထိုဇိမ်ခံကား၏ တန်ဖိုးကား ခေတ်ကာလပေါက်စျေးဖြင့်ဆို နည်းမည်မဟုတ်။ ထိုကဲ့သို့သော ကားအမျိုးအစားကို စီးနိုင်မည့်သူဟာလည်း သေချာပေါက် ကျိကျိတက်ချမ်းသာနေသောသူဖြစ်မှပဲ အဆင်ပြေပါလိမ့်မည်။

အဖြူရောင် ကော်ရိုလာ (Corolla) ကားလေး။ ထိုကားကိုမောင်းနှင်လာသူကတော့ The Sun ကုမ္ပဏီ၏ပိုင်ရှင်ဖြစ်လာသူ နေပိုင်။ နံဘေးမှ ထိုင်ခုံတွင် ထိုင်နေသော ခေတ်ဆန်ဆန်အလှနှင့် ခပ်ငယ်ငယ်မိန်းကလေးတစ်ဦးသည်ကား ကိုနေပိုင်၏တရားဝင်ဇနီးဖြစ်သူ မြတ်စံပယ် မဟုတ်ခဲ့ပေ။

A Story of 2000sTempat cerita menjadi hidup. Temukan sekarang