Part 8 (Uni)

966 148 53
                                    

''ဟေ့ ကောင်လေး ၊ ရောက်ပြီ၊ ဆင်းမယ်''

ကားစက်ရပ်သံနှင့်အတူ ပခုံးစွန်းကို ကိုင်လှုပ်သတိပေးလိုက်သော လူကြီးတစ်ယောက်၏အသံကြောင့် မှိန်းနေသော မျက်လုံးများကို အသာဖွင့်ကြည့်လိုက်သည်။

မြင်ကွင်းထဲဝင်လာသည်က အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟူသော ဆိုင်းဘုတ်တော့မဟုတ်။ နှစ်ခါထက်မနည်း မြင်ဖူးခဲ့သော ရေနံချေးရောင် သံပြား ဆိုင်းဘုတ်လေးတစ်ခုဖြစ်သည်။

ခရေပင်တန်းရပ်ကွက်(ကိုယ်ထူကိုယ်ထ လမ်းခင်းသည်၊ ကျောင်းဆောက်သည်)

ကျေနပ်သလိုမျိုး ပြုံးလိုက်မိသည်။ ကားတံခါးကိုဖွင့်ကာ ဆင်းရန်ပြုတော့ ခါတိုင်းစီးနေကျ မိမိ၏ကားမဟုတ်မှန်းကို အမှတ်ရသွားပြီး သတိထား ဆင်းရ၏။ ထင်ထားသည်ထက်လည်း အတော်လေးမြင့်သည်။

မြေကြီးနှင့်ခြေထောက်ထိမိချိန်ဝယ် တစ်ကိုယ်လုံးလွတ်လပ်ပေါ့ပါးသွားသလိုမျိုး ခံစားရသည်။ ထို့ကြောင့် ခပ်တည်တည်နှင့် လက်နှစ်ဖက်ကို ဘေးတစ်ဖက်တစ်ချက်စီတန်းကာ အကျောကို ဆန့်ထုတ်လိုက်ပြီး အသံထွက် သမ်းဝေပစ်လိုက်သည်။

"ဝါးးးး'''

လေးရက်လုံးလုံး ဘယ်ကိုမှမသွားရဘဲ ဟိုတယ်အတွင်း အောင်းနေရသည်မှာ သိပ်ကို ငြီးငွေ့စရာကောင်းခဲ့သည်ပဲ။

ပြီးနောက် ကျောတွင် လွယ်ထားသည့် ကျောပိုးအိတ်ကို နေရာတကျဖြစ်အောင် တချက်ပင့်တင်လိုက်ရင်း နံဘေးမှလူကြီးကို လမ်းပြရန် တောင်းဆိုလိုက်သည်။

''ဦးလေး အရှေ့က လမ်းပြပါ''

စကားအဆုံးတွင် ထိုလူကြီးက အရှေ့မှ ဦးဆောင်ကာ ထွက်သွားလေတော့ အနောက်မှ ထပ်ကြပ်မကွာ လိုက်သွားခဲ့ပါသည်။

ပေါ့ပါးနေသည့် ခြေလှမ်းများနှင့် စိတ်လက်ချမ်းသာရှိနေသည့် ရင်အစုံကိုတော့ဖြင့် ကျကျနန သယ်ပိုးလျက်....။

....................................

မြေနီလမ်းဟု ထင်ရသော်လည်း အနည်းငယ်ပွယောင်းယောင်းဖြစ်နေသည့် မြေလမ်းတစ်လျှောက်သည် မနက်ခင်းပိုင်းဖြစ်သည့်တိုင် နွေ၏အပူဒဏ်ကြောင့် အနည်းငယ်ဖုန်ထနေ၏။

A Story of 2000sDonde viven las historias. Descúbrelo ahora