မြို့ပြ၏ ညနေခင်းသည် လူသူရှုပ်ထွေးမှုများနှင့် ပြည့်နှက်၍နေသည်။ နေထွက်ချိန်မှ အစပြုကာ ညနေနေဝင် မိုးချုပ်သွားသည်အထိ သက်ဝင်လှုပ်ရှား ရုန်းကန်နေကြရသည်မှာ သာမန်အခြေခံလူတန်းစားတစ်မျိုးတည်းပင် မဟုတ်။ လူကုံတန် အသိုင်းအဝိုင်းများပါဝင်သလို လူလတ်တန်းစားများလည်းပါဝင်ကြသည်။
နေထွက်ချိန်ကို စောင့်မျှော်နေချိန်မရှိ၊ နေဝင်ချိန် ညနေဆည်းဆာ၏အလှအပကို စိတ်အေးသက်သာစွာဖြင့် ထိုင်ငေးကြည့်နေခွင့်မရှိ၊ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရှာဖွေနေရသူအများစုကတော့ အခြေခံလူတန်းစားများပင်။
အညှီရှိရာကို ယင်အုံလာသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်း ပေါများရာ ရန်ကုန်မြို့တွင်လည်း ရေကြည်ရာမြက်နုရာကို ရွှေ့ပြောင်းလှည့်လည် နေထိုင်ကြကာ မိသားစုဘဝရပ်တည်ရေးအတွက် ကြိုးပမ်းနေရသောသူများလည်း ရှိသေး၏။
နေပူပူတွင် ဆီပူအိုးနားကပ်ကာ မပူနိုင်၊ မမောနိုင်မပန်းနိုင် ကြော်လှော်ရောင်းချနေသော ပျံကျစျေးသည်များ။
နေပူမရှောင် မိုးရွာမရှောင်နှင့် အထပ်မြင့်တိုက်တာ အဆောက်အဦးကြီးများပေါ်တွင် ဝမ်းရေးအတွက် အလုပ်လုပ်နေသူများ။
ကားဂိတ်တွင်တစ်မျိုး၊ မီးပွိုင့်တွင်တစ်ဖုံ ရေခဲရေခွက်လေးများကို လင်ဗန်းပေါ်တင်၍သော်လည်းကောင်း၊ သရက်သီး မရမ်းသီး အစရှိသည့် ရာသီပေါ် အချဥ်ထုတ်ကလေးများကို လက်ဆယ်ချောင်းအပြည့်ချိတ်ဆွဲ၍သော်လည်းကောင်း ကားဂိတ် ရထားဂိတ်တို့တွင် အော်ဟစ်ရောင်းချနေကြသော ကလေး ၊ လူငယ်၊ လူကြီး၊ လူအိုများ...အစရှိသဖြင့်။
လိုင်းကားတစ်စီး မှတ်တိုင်ကိုဝင်လာလျှင် လက်ပတ်နာရီကို ငုံ့ကြည့်ကာ ထိုဝင်လာသော ကားဆီသို့ပြေး၍ ကားတစ်စီးနှင့်တစ်စီးကြားမှ အချိန်ကွာဟမှုကို ပြောပေးရသော လူတချို့လည်းရှိသေးသလို
တစ်နေကုန်ပူလောင်နေသည့် အရှိန်ပြင်းပြင်းနေကြောင့် ပျော်လုပျော်ခင်နီးပါးဖြစ်နေသော ရေခဲထုတ်လေးများထည့်ထားသည့် ရေခဲပုံးကို စလွယ်သိုင်းကာ မကြာခင်ဝင်သွားတော့မည့်နေမင်းကြီးကို လှမ်းကြည့်နေရင်းနှင့်ပင် လက်ထဲမှ ခေါင်းလောင်းလေးကို တီးနေရသော ရေခဲထုတ်သည် ဦးလေးကြီးများလည်း ရှိသေးသည်။
VOCÊ ESTÁ LENDO
A Story of 2000s
Romance၂၀၀၀ခုနှစ်ရဲ့ နေ့ရက်များဆီမှာလည်း ပုံပြင်တချို့ရှိခဲ့ဖူးပါတယ်။