Part 20 (Uni)

806 116 55
                                    

ခရေပင်တန်း၏ မနက်ခင်းအချိန်အခါသမယသည် ယနေ့တွင်တော့ ဆူညံခြင်းဖြင့် အစပြုလေပြီ။

မောင်မောင်ခက်သျှား၏ ခြံအရှေ့၌ဖြစ်သည်။

မနေ့ညက အိမ်ပြန်မအိပ်ကြသည့် အဆွေတို့၏အိမ်မှ လိုက်လံရှာဖွေကြသည့် အသံများ၊ ဆူပူကြိမ်းဝါးသံများဖြင့် ခက်သျှား၏ အိမ်ရှေ့တွင် ခြေချင်းလိမ်နေကြသူများ...။

ခက်သျှား၏အိမ်ထဲတွင် တုံးလုံးပက်လက်အိပ်နေကြသည်ကို ဘွားမေခြံဘက်မှ လှမ်းကြည့်၍မြင်ကြပြီးဖြစ်သော်လည်း ခြံထဲသို့ဝင်ကာမခေါ်ရဲကြသည့်
သန်းထိုက်၏ အမေဖြစ်သူသည် အိမ်ရှေ့ခရေပင်ကိုကျောမှီလျက်ရှိနေသလို ရဲရဲ၏ အစ်မကလည်း မြောင်းကျော်တံတားနားတွင် ရစ်သီ ရစ်သီ။

''ညည်းဝင်ပြီးနှိုးလိုက်ပါလား သီတာရယ်၊ အချိန်လည်း မနည်းတော့ဘူး၊ ခဏနေရင် အဲ့ဒီကောင်နဲ့ သွားစရာရှိပါတယ်ဆိုမှ''

သန်းထိုက်အမေ ဒေါ်ပုံငွေက ရဲရဲ၏အစ်မ သီတာကို မဝံ့မရဲဖြင့်ခိုင်းလိုက်ရင်း ညည်းညူလိုက်သည်။ သီတာကလည်း ဒေါ်ပုံငွေ၏စကားကိုကြားလေတော့ မြောင်းကျော်တံတားနားမှခွာကာ လမ်းပေါ်ပြန်တက်လာလိုက်ရင်း

''အမလေး ကြီးတော်ငွေရယ်၊ ခက်သျှားအ​​ကြောင်းလည်းသိရဲ့သားနဲ့၊ မနက်ခုနှစ်နာရီမထိုးသေးဘဲ ဘယ်တုန်းက အိပ်ရာကထဖူးလို့လဲ၊ ရဲရဲတို့က ကုလားသေကုလားမောအိပ်တာလေ၊ တော်ကြာသူတို့ကို နှိုးတာမနိုးဘဲ ခက်သျှားနိုးလာမှဖြင့် ခက်ဦးမယ်၊ အဲ့ဒီ လူပျိုသိုးပါးစပ်ကိုကြောက်ရကြောက်နဲ့''

''ခုနှစ်နာရီလည်း ထိုးခါနီးနေပါပြီ ဘာမှမဖြစ်လောက်ပါဘူး''

''အဲ့ဒါဆို ကြီးတော်ဘာ့သာ ဝင်နှိုးလိုက်ပါလား၊ တလက်စတည်း ရဲရဲကိုပါနှိုးခဲ့ပေး''

''မနှိုးချင်ပေါင်အေ''

ထိုမျှအထိ ခက်သျှားကို ကြောက်ကြသည်။ ကြောက်သည်ထက် ဘုကလန့်ပြောပြီး ရစ်နေမည်ကို ပိုကြောက်သည်။ ထို့ကြောင့် သီတာနှင့်ကြီးတော်ငွေတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကပ်တွက်နေကြသည်အထိ။

ထိုစဥ် အောင်မင်း၏မိန်းမလည်း ကလေးတစ်ယောက်ကို ခါးထစ်ခွင်လျက် ရောက်လာပါ၏။ ဟင်းရွက်သည်ပီပီ စကားပြောအနည်းငယ်ကြမ်းသည့် အောင်မင်း၏မိန်းမကိုမြင်တော့ ကြီးတော်ပုံနှင့်သီတာတို့၏မျက်နှာမှာ ဝင်းလက်သွားသည်။

A Story of 2000sWhere stories live. Discover now