Part 6 (Uni)

984 153 23
                                    

လွယ်နေကျ ကြိုးထုံးကချင်လွယ်အိတ်သေးသေးလေးကို စလွယ်သိုင်းနေရင်းမှ အိမ်အလယ်တိုင်တွင် ချိတ်ဆွဲထားသည့် တစ်ရွက်စုတ် ပြက္ကဒိန်လေးကို လှမ်းကြည့်လိုက်မိသည်။ နှစ်ဆယ်ကျော်ဂဏန်းတို့ကို မြင်တော့ နှုတ်မှ ခပ်တိုးတိုးလေး ရေရွတ်လိုက်လေ၏

အင်း.....လကုန်ခါနီးနေပြီပဲ။

မတွေ့ရသည်မှာကြာပြီဖြစ်သော မျက်နှာသေးသေးလေးကို မြင်တွေ့ရတော့မည်ဟူသော အတွေးက စိတ်ထဲဝင်လာတော့ ပျော်ရွှင်မှုက ရင်ထဲတွင် လှိုက်ခနဲခုန်လေ၏။

သို့သော် အိမ်အပြန်လမ်းတွင် ယခင်ကလိုပဲ ဝမ်းနည်းနှုတ်ဆိတ်နေရမည်ကို တွေးကာ လူက မပျော်တော့ချေ။ ထို့ကြောင့် ခေါင်းကို ရမ်းခါပစ်လိုက်မိသည်။

အဆင်ပြေသွားမှာပါ ခက်သျှား။

မိမိကိုယ်မိမိ အားပေးစကားဆိုရင်း အိမ်အဝင်အဝအတက်အဆင်းနားတွင်ရှိနေသော ရေအိုးစင်မှ ရေတစ်ခွက်ခပ်ကာ တကျိုက်တည်းမော့ချပစ်လိုက်သည်။ ပြီးနောက် ရေနံချေးဝနေသည့် တံခါးမနှစ်ချပ်ကို အသာအယာ ဆွဲပိတ်လိုက်ပြီး အပြင်မှ တံခါး ချက်(ဂျက်) ကို ထိုးပိတ်လိုက်သည်။ အထွေအထူးတော့ သော့ခတ်မနေတော့ပေ။

ခါတိုင်းနေ့များထက် အိပ်ရာထ စောသည်မို့ ဘွားမေတစ်ယောက် တံမြက်စည်းလှဲနေသည်ကို မတွေ့ရသေး။ ပန်းကောက်နေသူ ကလေးတချို့ကတော့ ခရေပင်ကြီးအောက်တွင် ရောက်နှင့်နေကြလေပြီ။

''အံမယ် ဒီကနေ့ တယ်စောပါလား''

ခြံအပြင်ကိုထွက်ပြီး လမ်းမပေါ်တက်ရန် မြောင်းကျော်သစ်သားတံတားလေးပေါ် ခြေချမိရုံမှာပင် မနက် ခြောက်နာရီတိုင်း အိမ်ရှေ့မှဖြတ်သွားလေ့ရှိသော ပဲပြုတ်သည် မလုံးက ခက်သျှားကို တအံတဩနှင့် လှမ်းနှုတ်ဆက်သည်။

''အရမ်းကြီး မစောပါဘူးဗျာ၊ ကျောပူတာနဲ့နိုးလာတာပါ''

''အရင်နေ့များကတော့ ကျောမပူဘူးထင်သပါ့''

ရပ်ကွက်အတွင်း ခက်သျှား၏အကြောင်းကို သိသူတို့က ထိုအတိုင်းပါပဲ။ တစ်ခုခု အပြောင်းအလဲဖြစ်ပြီဆိုလျှင် အမြဲ စနောက်နေတတ်ကြသည်။

A Story of 2000sDonde viven las historias. Descúbrelo ahora