အမှောင်ထုကိုအားပြုထားသည့် ညသည် ငြိမ်သက်ခြင်းနှင့် ရင်းနှီးကျွမ်းဝင်ရှိလှသည်ထင်။ ပတ်ဝန်းကျင်တစ်ခုလုံးကို တိတ်ဆိတ်အိပ်မောကျစေလျက်။
လင်းတစ်ခါ ပျက်တစ်လှည့် လျှပ်စစ်မီးသည် အစိုးမရ။ အလှည့်ကျပေးဝေသောစနစ်ကို အသုံးပြုလျှက်ရှိပါသော်လည်း လာချိန်မမှန်။ ပျက်ချိန်မှန်၏။
လမ်းမီးတိုင်ကောင်းကောင်းမရှိ။ ဓာတ်တိုင်များများစားစားမရှိ။ သွားလာရလွယ်ကူစေရန် လမ်းတိုင်း၏ ထိပ်များတွင် ထွန်းထားသော ကိုယ်ထူကိုယ်ထမီးချောင်းလေးများသာရှိသည်။ ဒါကလည်း အချိန်နှင့်။ ညနေငါးနာရီမှ ည ၁၁နာရီအထိ တစ်ညကိုဘယ်လောက်ဟူသော သတ်မှတ်ချက်နှင့် မီးစက်မောင်းကာ အလင်းရောင်ပေးသောနေရာမှ အခကြေးငွေပေးကာ တပ်ဆင်ထားရခြင်းဖြစ်ပါ၏။
သစ်ရိပ်ဝါးရိပ်များသည့် လမ်းများပေမို့ အမှောင်ထုက ပိုနက်သည်။ တိတ်ဆိတ်မှုကပိုသည်။ ခွေးတစ်ကောင်ကြောင်တစ်မြီးပင် မတွေ့ရတတ်။ ရံဖန်ရံခါတွင်သာ အုပ်စုဖွဲ့သောင်းကျန်းကျလေ့ရှိသည့် ရပ်ကွက်ထိပ်ဖျားဘက်မှ ခွေးအူသံတစ်ချို့ကိုကြားရလေ၏။
ဖောက်!
လေအဝေ့တွင် ကြွေကျလာသော ခရေသီးမှည့်လေးများ၏ အသံ။
ရှပ်..ရှပ်...။
ညနက်နက်တွင်မှ အိမ်ပြန်လာသော လူတစ်ယောက်၏ခြေသံ။လက်ထဲတွင် ဓာတ်ခဲသုံးထောင့်ထိုး မိုးလေးဓာတ်မီး(မိုးရေး)တစ်လက်ကို ကိုင်ထားပြီး ငိုက်စိုက်စိုက်ဖြင့်လမ်းလျှောက်လာပုံသည် မျှော်လင့်ချက်မဲ့နေသည့် လူတစ်ယောက်လိုပင်။
ခက်သျှား။
အိမ်တစ်အိမ်၏ရှေ့တွင် ခြေစုံရပ်လိုက်သောကြောင့်သာ ခက်သျှားဟု မှတ်ထင်ရသော်လည်း တက်ကြွမှုနှင့် ဖျတ်လတ်မှုသည် ခါတိုင်းနေ့များက ခက်သျှားနှင့် မတူနေပါချေ။
ကျွိ။
မြောင်းကျော် သစ်သားတံတားလေး၏ အိုဟောင်းဆွေးမြေ့သောအသံခပ်တိုးတိုးသည် ညကိုဖြတ်၍ ထွက်ပေါ်လာ၏။
ကျွီ..။
ဂျက်မချ၊ မင်းတုပ်မခံထားသည့် အိမ်ရှေ့တံခါးမနှစ်ချပ်ကို ဖွင့်လိုက်သောအသံသည် မရှေးမနှောင်းတွင် ထွက်ပေါ်လာပြန်၏။
YOU ARE READING
A Story of 2000s
Romance၂၀၀၀ခုနှစ်ရဲ့ နေ့ရက်များဆီမှာလည်း ပုံပြင်တချို့ရှိခဲ့ဖူးပါတယ်။