"ဘတ်စ်ကားနဲ့သင်္ကြန်မလည်ဖူးဘူးမှတ်လား ရတု"
ထိုမေးခွန်းနှင့်အတူ သက်ထား၏ခေါ်ဆောင်ရာနောက်သို့ ရတုတစ်ယောက် ကောက်ကောက်ပါအောင်လိုက်သွားရသည်မှာ မနက်မိုးလင်းခါစ မျက်နှာသစ်ပြီးချိန်မှဖြစ်ပါ၏။ မျက်နှာကိုပင် ရေပြောင်အောင် မသုတ်ခဲ့ရပါလေ။
"ဒေါ်ညိုတို့အိမ်ရှေ့မှာ လူစုကြမယ်၊ ရတုက ဒီိနားလေးမှာ ထိုင်နေနော်၊ မမ အိမ်ပေါ်ကို ခဏ တက်လိုက်ဦးမယ်"
ဒေါ်ညို၏အိမ်သည် ခရေမိန်းလမ်းမတွင်ဖြစ်၏။ မိန်းမလမ်းကြီး၏ ထုံးစံအတိုင်း ဟိုဟိုဒီဒီ ရေပက်ခံထွက်လာသူများနှင့် ရေဆော့ကစားနေကြသော ကလေးများကြောင့် တစ်လမ်းလုံးစည်ကား၍နေလေသည်။ မနက်ခုနှစ်နာရီကျော်ကျော်သာရှိသေးသော်လည်း ဒေါ်ညိုအိမ်ရှေ့ရှိ အုန်းလက်မဏ္ဍပ်လေးအတွင်းတွင်လည်း ထိုင်စရာနေရာပင် မရှိတော့။
သက်ထားက ရတုအတွက် ဟိုတွန်းဒီတွန်းဖြင့် နေရာထိုင်ခင်းပြင်ပေးသွားပြီး ဒေါ်ညို၏အိမ်ပေါ်သို့ လှမ်းတက်သွားခဲ့သည်။ ထို့နောက် ဒေါ်ညိုဟု အစချီကာ ဘယ်လိုဘယ်ပုံ သွားကြမည့်အကြောင်းကို အစီအစဉ်ဆွဲနေကြသည်မှာ အားတက်သရောနှင့်ပင်ဖြစ်ပါ၏။ ခဏဟုသာဆိုသည် ဘယ်အချိန်ပြန်လာဆင်းမည်လဲဆိုတာကို ခန့်မှန်း၍မရပေ။
မဏ္ဍပ်အတွင်း၌လည်း ရတုနှင့် ရင်းရင်းနှီးနှီးသိကျွမ်းသူဟူ၍ တစ်ယောက်တစ်လေမျှပင်မရှိနေခဲ့ပါ။ တစ်ရပ်ကွက်တည်းနေကြသူများအဖြစ် မျက်မှန်းတန်းမိရုံလောက်သာရှိကြပြီး မုန့်စားသူကစား ရေပက်သူကပက်နှင့် အားလုံးသည်ကား ကိုယ့်အာရုံနှင့်ကိုယ်၊ ကိုယ့်အပျော်နှင့်ကိုယ်ပေမို့ ရတုရှိနေခြင်း မရှိနေခြင်းကိုလည်း စိတ်မဝင်စားကြဟန်တူပါသည်။
မုန့်လုံးရေပေါ်ပန်းကန်လေးတစ်ပန်းကန်ကို လက်ထဲထိုးထည့်ပေးသွားသည်မှအပ ကျန်သည့်အချိန်များတွင် ဒီအတိုင်းတစ်ယောက်တည်းသာ ငုတ်တုတ်ဖြစ်နေရပြီး တချို့တလေ လာရောက်နှုတ်ဆက်သည့်အခါတွင်တော့ ရတု ပြန်လည်ပြုံးပြနှုတ်ဆက်နေရပါ၏။
သက်ထား နေရာချပေးထားသည့်နေရာတွင် ထိုင်နေခဲ့သည်မှာ နာရီဝက်ခန့်မျှရှိသွားခဲ့လေပြီ။ သူတစ်ပြန်ကိုယ်တစ်ပြန် အချင်းချင်းရေပက်ကြခြင်းကြောင့် လွင့်စင်လာကြသည်ရေများနှင့် ကလေးများက ရေခပ်ရင်းမှ ကြုံရင်ကြုံသလို လောင်းသွားကြသော ရေများကြောင့် ရေဆော့ကစားခြင်းမရှိသော်ငြား တစ်ကိုယ်လုံးရွှဲရွှဲစိုနေပြီလည်း ဖြစ်သည်။

YOU ARE READING
A Story of 2000s
Romance၂၀၀၀ခုနှစ်ရဲ့ နေ့ရက်များဆီမှာလည်း ပုံပြင်တချို့ရှိခဲ့ဖူးပါတယ်။