Part 22 (Uni)

849 107 41
                                    

"ဟယ်လို ဟယ်လို ကိုသော်တာလား၊ ကျွန်တော် ရတုပါ ရတု ဟယ်လို ကြားလား"
"တူ တူ တူ"

တဖက်မှ ပြန်လည်ထူးသံတစ်စွန်းတစမျှ မကြားရ၊ ဖုန်းချသွားသည်မှာ အခါခါဖြစ်သော်လည်း ဆက်တိုက်ခေါ်နေမိသည်။ အိတ်ချိန်းရုံးတွင် လူမရှိသည်မို့ နောက်လူကိုလည်း အားနာစရာမလိုသောကြောင့် အသံမကြားရမချင်းကို ဆက်တိုက်ခေါ်နေမိခြင်းဖြစ်ပါ၏။

အမြဲတမ်းလိုလို ဖုန်းလာခေါ်တတ်သည့် သူ့ကို အိတ်ချိန်းရုံးက ဝန်ထမ်းကောင်မလေးပင် မျက်မှန်းတန်းမိနေပုံရသည်။ သူ ဖုန်းပြန်ချလိုက်သည့် အခါတိုင်းတွင် စိတ်မကောင်းဟန်ပေါ်နေသည့် မျက်ဝန်းများဖြင့်လှမ်းကြည့်တတ်သလို တစ်ခါတစ်ရံတွင် ကျသင့်ငွေကိုပင် မယူပေ။

ကြာလာတော့လည်း ကိုယ့်ကိုယ်ကိုယ်ပင် သိမ်ငယ်လာရသလို ခံစားလာမိသည်။ ဒီလိုနေရာမျိုးမှာ ယခုလိုမျိုးပုံစံနှင့်မနေချင်တော့ပြီ။

ကြီးစောရုံကို အကျိုးအကြောင်းပြောကာ အရာအားလုံးကို ရပ်တန့်ပစ်ရမည်။ အတိတ်ကို အတိတ်မှာပဲထားခဲ့ရန် နားချရမည်။ မျှော်လင့်ထားသည့်အတိုင်းဖြစ်မလာခဲ့ပေမယ့် အနည်းဆုံးတော့ The Sun တွင် နာမည်တစ်လုံးနှင့်နေနိုင်ဦးမည်။ သို့သော် အတွေးတစ်ခုသာသာ.. ဒီ့ထက်လည်း ဘာမှမတတ်နိုင်ခဲ့။

တစ်သက်လုံးနာကျင်စေခဲ့သော ၊ အမြဲတမ်းလိုလိုကြောက်ရွံ့နေခဲ့ရသော ဒေါ်တင်မမကို ကြီးစောရုံက တာဝန်ယူမည်ဟူသော ပြောစကားကို ယခုထိ သူဂဃဏန နားမလည်ပေမယ့် ကတိတစ်ခုကိုပေးထားခဲ့ပြီဖြစ်၍ ဆုံးခန်းတိုင်အောင် လုပ်ဆောင်ရမည်ကိုသိသည်။

တကယ်တမ်း ဝင်ရောက်လာခဲ့သည့်နေရာကတော့ သူထင်ခဲ့သလိုမျိုး ပူလောင်မနေခဲ့သည်မှာ အသေအချာပင်။ အမြဲတောင့်တခဲ့ရသော နွေးထွေးမှုကို ဒီနေရာလေးတွင် အပြည့်အဝရသည်ကတော့ ငြင်းစရာမရှိခဲ့ပါ။

အစစအရာရာ ဂရုစိုက်ပေးသည့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ရည်ရွယ်ချက်ရှိရှိရောက်လာခဲ့သူက မိမိကိုယ်တိုင်ပေမို့ တစ်ခါတစ်ရံတွင် စိတ်မလုံ ၊ ကျောမလုံဖြစ်ရသည်။

A Story of 2000sWhere stories live. Discover now