Part 47 (Uni + Zawgyi)

876 104 82
                                    

"ခက်သျှားရေ သားရေ"

ခြေတံရှည်အိမ်ပေါ် မပြေးရုံတမယ် လှမ်းတက်လာသည့် ကြီးတော်မြ၏အသံသည် ရွာတစ်ပိုင်းလုံးပင်ကြားရလောက်ပေမည်။ သို့သော် အိမ်အတွင်းမှ ပြန်ထူးသံကား ထွက်မလာခဲ့ပေ။

"ခက်သျှားရေ"

ထပ်မံအော်ခေါ်လိုက်သော ကြီးတော်မြ၏အသံက ဟိန်းထွက်လာခဲ့ပြန်ပါသည်။

"ဖေဖေ မရှိဘူး ဘွားဘွားမြ၊ စောစောကလေးတင် အပြင်ကို ပြန်ထွက်သွားတယ်"

ခပ်သဲ့သဲ့ထွက်လာသော သဒ္ဓါလေး၏အသံကြောင့် ကြီးတော်မြက နှုတ်ခမ်းကိုမဲ့ပါ၏။ ထို့နောက် အနောက်တွင် ကပ်လျက်ပါလာသော ရတုကို လှည့်ကာကြည့်လိုက်ရင်း

"အိမ်ပေါ်ခဏတက်ထိုင်နှင့် သားလေး ရတု ၊ ကြီးတော်မြ ဒင်းကို လိုက်ရှာလိုက်ဦးမယ်"

ဟုဆိုကာ အိမ်ပေါ်မှပြန်ဆင်းရန် ဟန်ပြင်လိုက်သည်။ သို့သော် မသိမသာပျက်ယွင်းနေသော ရတု၏မျက်နှာအား ကြီးတော်မြ သတိထားမိခဲ့ဟန်တူပါ၏။ ချက်ချင်းပင် မေးခွန်းထုတ်လာခဲ့လေသည်။

"ဘာဖြစ်လို့လဲ သား၊ ကြီးတော်မြနဲ့ လိုက်ခဲ့ချင်လို့လား"

"ဟို.. ဘာမှ မဖြစ်ပါဘူး"

လက်တကာကာ ၊ ခေါင်းတခါခါဖြင့် ငြင်းဆန်လာသော ရတုကြောင့် ကြီးတော်မြက ချက်ဆိုနားခွက်က မီးတောက်ပြီးသားပင်။ ထို့နောက် ပြုံးကျသွားသော မျက်နှာနှင့် သဒ္ဓါလေးရှိရာဆီသို့ မေးဆတ်ကာပြလိုက်ရင်း

"အဲဒါ သဒ္ဓါလေးလို့ခေါ်တယ် သား၊ ခက်သျှားရဲ့ မွေးစားသမီးလေးပေါ့၊ နောက်ဆိုရင် ရတုကိုပါ ဖေဖေခေါ်မယ်ထင်သပါ့"

ကြီးတော်မြက ပြောပြောဆိုဆိုဖြင့် အိမ်ပေါ်မှ ခပ်သုတ်သုတ်ပြန်ဆင်းသွားခဲ့သည်။ အသက်အရွယ်နှင့်မလိုက်အောင် ကြီးတော်မြတစ်ယောက် လျင်မြန်ဖျတ်လတ်နေရခြင်းသည် သားဇောကြောင့်ဖြစ်မည်လည်းထင်ပါသည်။ ရတုကတော့ လှေကားအတက်အဆင်းနားလေးတွင် မျက်နှာနီနီဖြင့် မတ်တတ်ကလေးရပ်ကာ ကျန်နေရစ်ခဲ့လေ၏။

A Story of 2000sDonde viven las historias. Descúbrelo ahora