ခရေပင်တန်းရပ်ကွက်လေး၏ မနက်ခင်းချိန်ခါသည် ထုံးစံအတိုင်း စည်ကားလျှက် ရှိပါ၏။ မနက်ငါးနာရီမှစ၍ မနက်ဆယ်နာရီ စျေးခေါင်းမကွဲခင် အချိန်အထိ တစ်ရပ်ကွက်လုံး လှုပ်လှုပ်ရှားရှားဖြင့် နိစ္စဓူဝ အလုပ်တာဝန်များကို ကိုယ်ကိုယ်စီစီလုပ်နေကြပေသည်။ စျေးကြိုသူက စျေးကြို၊ ဆိုင်ခင်းသူက ဆိုင်ခင်း၊ အလုပ်သွားသူက အလုပ်သွားနှင့် ခရေမိန်းလမ်းမကြီးသည် တစ်မနက်ခင်းလုံး လူသွားလူလာ ပြတ်သည်ဟူ၍မရှိ။
နွေရာသီကို ထဲထဲဝင်ဝင်ရောက်လာပြီဖြစ်သောကြောင့် အပူချိန်သည် မနက်လင်းစကတည်းကပင် ခေါင်းထောင်မာနပြနေလေပြီ ။ အပင်ရိပ်များသည့် ဤရပ်ကွက်အတွင်း၌ သိပ်မသိသာသော်လည်း အခြားသောရပ်ကွက်များတွင်မူ မနက်ကိုးနာရီလောက်ကတည်းကပင် အအေးဆိုင်၊ ရေခဲခြစ်ဆိုင်များပင် ဖွင့်နေကြလေပြီ။
ကလေးများကလည်း မိမိရသည့်မုန့်ဖိုးလေးများကို ကိုင်ကာ ရေခဲချောင်းဝယ်စားသူက ဝယ်စား၊ ဂေါ်လီရိုက်ရန် ဂေါ်လီဝယ်သူကဝယ်၊ ဒန်တွေကြေးတွေဝယ်သည့် အထမ်းသည်ကုလားကြီးကို စောင့်သူကစောင့်နှင့် တစ်ရပ်ကွက်လုံး ဟိုတစ်စုဒီတစ်စုဖြင့် ဆော့ကစား စားသောက်ရန် တာဆူနေကြပြန်ပါ၏။
သက်တူရွယ်တူ မိန်းကလေးငယ်များမှာလည်း သနပ်ခါးပဲကြား ကိုယ်စီလိမ်းကာ မိမိပိုင်ဆိုင်သည့် ကစားစရာ အိုးပုတ်များကို အသီးသီးသယ်ဆောင်လာကြပြီး အရိပ်ရသော ခရေပင်အကြီးကြီးအောက်တွင်သော်လည်းကောင်း၊ ရှည်တံရှည်သော အိမ်တစ်အိမ်၏အောက်တွင်သော်လည်းကောင်း လူစုကြကာ ထမင်းဟင်းချက်တိုင်း ကစားကြရန် ပြင်ဆင်နေပြီဖြစ်သည်။
နွေရာသီကျောင်းပိတ်ရက်ဖြစ်၍ လွတ်လွတ်လပ်လပ် စိတ်ရှိတိုင်း ဆော့ကစားခွင့်ရထားကြသူများဖြစ်ပြီး ကျောင်းတက်ရသည့် ကျောင်းဖွင့်ချိန်များဆိုပါလျှင် မနက်ကိုးနာရီ ဒေါင်ဆိုသည်နှင့် ကလေးများကို လမ်းပေါ်တွင် မတွေ့ရတတ်တော့။ မူကြို၊ မူလတန်း၊ အလယ်တန်း အစရှိသဖြင့် သက်ဆိုင်ရာအတန်းများကို အသီးသီးတက်ရောက်နေကြပါလိမ့်မည်။

KAMU SEDANG MEMBACA
A Story of 2000s
Romansa၂၀၀၀ခုနှစ်ရဲ့ နေ့ရက်များဆီမှာလည်း ပုံပြင်တချို့ရှိခဲ့ဖူးပါတယ်။