Part 46 (Uni + Zawgyi)

695 84 22
                                    

လူတိုင်းရဲ့ အတိတ်နေ့ရက်များမှာ မမေ့နိုင်စရာ ပုံပြင်တချို့ ရှိကောင်းရှိကြပါလိမ့်မယ်။ တချို့သော ပုံပြင်တွေဟာ လှလှပပအဆုံးသတ်ခဲ့ကြပေမဲ့ တချို့တွေဟာဖြင့်အခုအချိန်အထိ အဆုံးသတ်ကိုမရောက်ကြသေးပါဘူး။

သင်ရော ဘယ်လို ပုံပြင်လေးတစ်ပုဒ်ကို ပိုင်ဆိုင်ထားဖူးခဲ့ပြီလဲ။ ဒါမှမဟုတ် အစပျိုးနေတုန်းပဲလား။

.................

ခရေပင်တန်းရပ်ကွက်၏ မနက်ခင်းတိုင်းသည် မွေးကြူနေသော ခရေပန်းရနံ့များဖြင့် သင်းပျံ့ထုံကြိုင်လျက်ရှိနေပါ၏။ အေးမြလတ်ဆတ်သော အရိပ်အာဝါသနှင့် ငြိမ်းချမ်းမှုတို့က အစဉ်အလာမပြတ်ရှိနေဆဲဖြစ်သလို မည်သူတစ်ဦးတစ်ယောက်ကိုမျှ မျက်နှာသာမပေးဘဲ မပြောင်းမလဲ ကြိုဆိုနေခဲ့သည်ကလည်း ယခင်နေ့ရက်များဆီကအတိုင်းပင်။

သို့သော် မကြာခင် ချည်းနင်းဝင်ရောက်လာတော့မည့် မိုးဥတုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးသည် နွေရောင်နေရောင်ကင်းမဲ့လျက်ရှိနေပြီး အရွက်အလက်ထူထဲအုံ့ဆိုင်းနေသော ခရေပင်ကြီးများကြောင့် တိတ်ဆိတ်အေးချမ်းမှုသည် အခြားသောနေရာများထက်သာလွန်နေသည်ဟုဆိုရပေမည်။

ကျောင်းဖွင့်ရက်များနီးလာသည့်တိုင် လှုပ်လှုပ်ရှားရှားမရှိကြသေးသည်ကလည်း ထူးဆန်းနေပြန်သည်။ ခါတိုင်းနှစ်များ၏ ယခုလိုအချိန်တွင် တစ်အိမ်တက်တစ်အိမ်ဆင်း အလှူငွေကောက်ခံတတ်သော ခက်သျှားရှိခဲ့သည်မဟုတ်လား။ ရပ်ကွက်လုံးဆိုင်ရာ ရန်ပုံငွေအတွက် အရှေ့ဆုံးမှ ဆော်ဩကာ တက်တက်ကြွကြွဆောင်ရွက်တတ်သည့် ခက်သျှားတစ်ယောက် မရှိနေခြင်းသည် ခရေပင်တန်း၏လက်ရုံးတစ်ဖက်ပြုတ်ကျသွားသကဲသို့။

သို့သော်လည်း ရက်သတ္တပတ်ပေါင်း သုံးပတ်ကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင်အောင် ခက်သျှား၏ အိမ်သေးသေးလေးကတော့ ယခုအချိန်ထိ ငြိမ်ချက်သားကောင်းနေလေဆဲ။

"ခက်သျှားတစ်ယောက် အဆင်မှပြေရဲ့လား မသိဘူးနော်"

ဒေါ်ငွေလှိုင်၏အကြော်တဲအတွင်းမှ ထွက်ပေါ်လာသော ခပ်ညည်းညည်းအသံ။ အသံပိုင်ရှင်ကား မသက်။ ခါတိုင်းနေ့များတွင် အကြော်ဗန်းအတွင်းရှိ အကြော်ကြေများအား ဇယ်ဆက်သလို လိုက်ကောက်နေတတ်သော မသက်သည် ယခုတော့ တုပ်တုပ်မျှပင်မလှုပ်။ အကြော်လာဝယ်သူများအား ထည့်ပေးလျှင်တောင် စိတ်မပါ လက်မပါလှ။

A Story of 2000sWhere stories live. Discover now