ပြတင်းပေါက်မှတဆင့် ဖြာကျလာသော မနက်ခင်းနေရောင်ခြည်ခပ်နွေးနွေးက ခပ်မို့မို့မျက်ခွံကလေးပေါ် မထိတထိကျရောက်နေပြီး နူဖူးပြင်ထက် နေရာယူထားသော ဆံပင်ပျော့ပျော့လေးတွေက ခါတိုင်းမြင်နေကျကဲ့သို့ နူးညံ့မနေဘဲ ခြောက်ကပ်ကပ်နိုင်လှသည်။ နေရာဒေသအပြောင်းအလဲနှင့်ရေအမျိုးအစားကြောင့်လည်း ဖြစ်မည်ထင်ပါ၏။
နဖူးပေါ်မှ ဆံပင်လေးများကို လက်ညှိုးလေးဖြင့် အသာအယာ ဖယ်ရှားသပ်တင်ပေးလိုက်တော့ ခပ်ပြေပြေနဖူးလေးက ကြည့်ကောင်းစွာ ပေါ်လာခဲ့သည်။ နဖူးပေါ်ဆံပင်များကျနေသည်ထက် အနောက်သို့ အပြောင်လှန်ကာသိမ်းထားလျှင် ပို၍ကြည့်ကောင်းသော မျက်နှာသည် အချိုးအဆစ်ကျလွန်းလှသည်။ အမြဲတမ်းလိုလို နီမြန်းရဲထွေးနေတတ်သော နှုတ်ခမ်းလေးတွေက သက်သေ။ မည်မျှတောင် စိတ်ပင်ပန်းလူပင်ပန်းဖြစ်ခဲ့ရသည်မသိ။ အောက်မျက်ကွင်းလေးများက သိသိသာသာပင် အညိုရင့်ဘက်ကူးနေခဲ့ပြန်သည်။ ကြည်စင်ဖြူတောက်နေသော မျက်နှာနုနုကလေးနှင့် မလိုက်ဖက်လွန်းစွာ။
စကားပြောသည့်အရာတွင်တော့ တစ်ကိုယ်လုံးကို ကိုင်ဆောင့်ပစ်လိုက်ချင်သည်အထိ မထုံတက်တေးနိုင်လွန်းလှသည်ကတော့ ခက်လှပါသည်။ ဘယ်လောက်ပင် တစ်ဖက်လူမှ ဒေါသပုန်ထနေပါစေ မတုန်မလှုပ်ဖြင့် စကားကိုလိမ့်ပတ်လည်အောင် မပြောတတ်သည်က ပင်ကိုဗီဇမွေးရာပါဖြစ်ခဲ့လေသလား။
ကြီးတော်မြထံမှ ဖြစ်စဉ်အကျဉ်းချုံးကို သိခဲ့ရတော့ စိတ်ထဲမကောင်းပြန်ဖြစ်ရပြန်သည်။ သို့သော် မပြောမဆိုနှင့်လုပ်ချင်ရာလုပ်သွားခဲ့သော အချိန်ကို ပြန်တွေးမိတိုင်း ရင်ထဲတနုံ့နုံ့။ တကယ်ဆို အရာရာကိုပွင့်ပွင့်လင်းလင်းနှင့် အကျိုးအကြောင်းရှိခဲ့သင့်သည် မဟုတ်လား။
"ခက်သျှား"
"ဗျာ"
ရုတ်တရက် အခန်းရှေ့သို့ရောက်လာပြီး နာမည်ကိုခေါ်ခြင်းကိုခံလိုက်ရသောကြောင့် ခက်သျှား၏ ခပ်လွင့်လွင့်အတွေးများ ပြတ်တောက်သွားရကာ ချက်ချင်းပင် ထူးသံပြန်ပေးလိုက်ပါ၏။
"နေမြင့်တော့မယ်လေ ၊ အိပ်ရာကထတော့"
အခန်းဝမှ စကားလှမ်းပြောနေသော်ငြား အခန်းတွင်းသို့ ယောင်၍ပင် ငဲ့မကြည့်လာသည့် ကြီးတော်မြသည် ခပ်ပါးပါးခြင်ထောင်အတွင်း ပူးကပ်အိပ်စက်လျက်ရှိနေသော လူနှစ်ယောက်ကို တွေ့သောကြောင့်လား၊ သို့မဟုတ် ယခုအချိန်အထိ နှစ်ခြိုက်စွာအိပ်မောကျနေသေးသောသူကို လန့်နိုးသွားမည်ကို စိုးရိမ်သောကြောင့်လားမသိ အနည်းငယ်ဖျော့တော့သော လေသံနှင့် ပြောလာခြင်းဖြစ်သည်။
KAMU SEDANG MEMBACA
A Story of 2000s
Romansa၂၀၀၀ခုနှစ်ရဲ့ နေ့ရက်များဆီမှာလည်း ပုံပြင်တချို့ရှိခဲ့ဖူးပါတယ်။