Part 10 (Uni)

956 145 52
                                    

''ဦးလေးပြောတော့ ဒိုင်နာကားဆို၊ ဒီ ဗိုက်ပူကားကြီးတော့ ကျွန်တော်မမောင်းတတ်ဘူးနော်''

ကားကိုမြင်မြင်ချင်းမှာပင် သူပျာပျာသလဲ ငြင်းဆန်မိ၏။

''ဘီးလေးဘီး ပါတာချင်းအတူတူပါပဲ ငါ့တူရာ၊ ဒီကားပဲမောင်းလိုက်ပါ၊ နောက်ပြီး ဦးလေးကလည်း ဒီဂိတ်မှာပဲ အမြဲရှိတော့မှာ''

''ဘီးပါတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒီကားက လီဗာနဲ့ ဘရိတ်က တခြားကားတွေနဲ့ပြောင်းပြန်ဆိုတော့ ကျွန်တော့်အတွက် ကျင့်သားမရသေးဘူး''

''တစ်ရက်နှစ်ရက်လောက်ပါပဲကွာ၊ အဆင်ပြေသွားမှာပါ၊ နောက်ပြီး တစ်သက်လုံးမောင်းစားမှာမှ မဟုတ်တာပဲ၊ သူ့ဟာသူ အဆင်ပြေသွားလိမ့်မယ်၊ ခက်သျှားလည်း ဂရုစိုက်ပေးပါလိမ့်မယ်၊ ဒီကားတွေအကြောင်းကို သူအသိဆုံးပဲ''

''ကျွန်တော်သေချာပြောထားလျက်နဲ့ဗျာ အဲ့ဒီ ကိုသော်တာကတော့''

စိတ်ညစ်သွားသလိုမျိုး ညည်းတွားလိုက်ကာ မျက်စိမျက်နှာ ပျက်နေသော သူ့မျက်နှာကိုကြည့်ပြီး ဂိတ်မှူးကလည်း အားနာနေပုံရသည်။

စီးဖူးနေကျ မဟုတ်သည့်အပြင် တစ်ခါမှ မမောင်းကြည့်ခဲ့ဖူးသော ထိုဗိုက်ပူကားကြီးကို ကြည့်ပြီး ငိုချင်စိတ်ဖြစ်ပေါ်လာသည်မှာ အခါခါ။

အသက် ၁၈နှစ်ပြည့်ကတည်းက ကားမောင်လိုင်စင်ရရှိထားပြီး အိမ်တွင်ရှိသော ကားအမျိုးမျိုးကို မြည်းစမ်းမောင်းကြည့်ခဲ့ဖူးသော်လည်း ထိုအထဲတွင် ဗိုက်ပူကား အမျိုးအစားမပါဝင်ခဲ့။ ဒိုင်နာကားကိုတောင် စီးနေကျကားများနှင့် နီးစပ်လိမ့်မည်ဟုထင်ကာ ဝယ်ခိုင်းခဲ့ခြင်းပင်။

တခြားကားများတွင် ကလပ်၊ ဘရိတ်၊ လီဗာ၊ အစရှိသဖြင့် အစဉ်လိုက်ရှိသော်လည်း ဤဗိုက်ပူကားတွင် ထိုသို့မဟုတ်။ ကလပ်၊ လီဗာ၊ ဘရိတ် ဆိုပြီး နေရာအထားအသိုက ကွဲလွဲသည်။ ဘီးလေးဘီးပါတာချင်း အတူတူဆိုသော်လည်း ပုံမှန် မောင်းဖူးနေကျကားများနှင့် မတူလျှင် အနည်းငယ်တော့ တိုင်ပတ်ကြတာချည်းပင်။

A Story of 2000sTahanan ng mga kuwento. Tumuklas ngayon